Saturday 31 December 2011

မျက်မှောက်ကမ္ဘာနှင့် မြတ်ဗုဒ္ဓဒေသနာ



ယနေ့မျက်မှောက်ခေတ်ကိုGlobalization(ကမ္ဘာ့ရွာ)ဟု တင်စားခေါ်ဝေါ်နေကြသည်။ “ကမ္ဘာကြီးသည် ရွာတစ်ရွာစာမျှ သာရှိသည်”ဟု တင်စားမည်ဆိုပါကတင်စားနိုင်လောက်သော အကြောင်းအချက်များရှိနေပါသည်။ အကြောင်းမှာ-ရှေး ယခင်ကဒေသတစ်ခုနှင့်တစ်ခု ဆက်သွယ်ရေးပြုလုပ်ကြရာတွင်ခြေလျင်တမန်တော် (ခြေမြန်တော်)၊ခို၊သိန်းငှက်စသော သတ္တ၀ါများနှင့်စာချွန်လွှာရေးသားပေးပို့ကြကြောင်း ရာဇ၀င်၊ပုံပြင်များ၌ဖတ်ရှုရပါသည်။ ယခုအခါကြေးနန်းစာ (telegram)၊ကြိုးဖုန်း၊လက်ကိုင်ဖုန်း၊ဖက်စ်(fax)၊အီးမေးလ်(E-mail)၊အင်တာနက်(Internet)စသည်တို့ဖြင့်အချိန်တိုအတွင်း ကမ္ဘာ့နှင့်အ၀ှမ်းဆက် သွယ်နေနိုင်ကြပြီ ဖြစ်ပါသည်။

ကုန်စည်ကူးသန်းရောင်းဝယ်ရေးမှာရှေးယခင်က လား၊မြင်း၊ သစ်ကုလားအုပ်၊နွားလှည်း၊မြင်းလှည်း၊ရွက်လှေ၊ ရွက်သင်္ဘောတို့ဖြင့်သာသယ်ယူပို့ဆောင်ပြီး ကူးသန်းရောင်း ၀ယ်မှုပြုကြရသည်။ ယခုအခါတွင်မြေပြင် ၊ရေပြင်၊ဝေဟင်၊ သြကာသတစ်ခွင်မှာမော်တော်ကား၊ မီးရထား၊ စက်တပ်လှေ၊စက်သင်္ဘော၊လေယာဉ်ပျံ စသည်တို့ဖြင့် ကူးသန်းရောင်းဝယ်မှုပြုနေကြပြီဖြစ်ပါသည်။

ခရီးသွားလာမှုနှင့်ပတ်သတ်၍ရှေးယခင်ကနှစ်၊လချီ၍အချိန်ကြာမြင့်စွာသွားလာရသောခရီးကို တစ်နေ့တစ် ရက်၊ တစ်နံနက်တည်းဖြင့် အရောက်သွားနိုင်နေပြီဖြစ်ပါသည်။ ထိုအကြောင်းများကြောင့်ပင် ကမ္ဘာကြီးသည် တစ်နံ၊တစ်လျားစာမျှသာရှိသော “ရွာကလေးတစ်ရွာ” ဟု တင်စားသမှုပြု၍ခေါ်ဝေါ်နေကြခြင်း ဖြစ်ပါသည်။

ယင်းကဲ့သို့ တိုးတက်မြင့်မားနေခြင်းမှာ အသိပညာရှင်၊ အတတ်ပညာရှင်၊အတွေးအခေါ်ပညာရှင်များ ၏တွေးတော ကြံဆ၊ တီထွင်၊ ထုတ်လုပ်မှုတို့ကြောင့်သာဖြစ်သည်။ ထိုကဲ့သို့သော ပညာရှင်မျိုးစုံတို့သည် B.C1500ခန့်ကစတင်၍ အသွင်အမျိုးမျိုးဖြင့်တည်ရှိနေခဲ့ကြခြင်းဖြစ်သည်။ ယင်းပညာရှင်များထဲ တွင်မြတ်ဗုဒ္ဓလည်းတစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါသည်။B.C700စုခန့်ကပေါ်ထွန်းခဲ့သောမြတ်ဗုဒ္ဓသည် ကိုယ်တိုင် ကျင့်ကြံ ကြိုးကုတ်အားထုတ်၍ သိရှိလာသောအသိညာဏ်ပညာများကိုလောကလူသားတို့အားဖြန့်ဝေပေး ခဲ့ပါသည်။ ထိုသို့ဖြန့်ဝေပေးရာမှာလည်းဘုရားဖြစ်သည့်နေ့မှ ပရိနိဗ္ဗာန်စံတော်မူသည့် အထိ(၄၅)နှစ်တိုင် တိုင်မရပ်မနားဒေသစာရီကြွချီပြီးဟောကြားတော်မူခဲ့ခြင်းဖြစ်ပါသည်။မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော တရားတော်များမှာ ပိဋကအားဖြင့်သုံးပုံ၊ဓမ္မခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ရှိပါသည်။ထိုတရားများကို လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀)ခန့်ကဟောကြားထားခဲ့သော်လည်း ယနေ့ထက်တိုင်အဆင့်မြင့် မားပြီးခေတ် မှီနေဆဲဖြစ်ပေသည်။

ခေတ်ကာလ အမျိုးမျိုးပြောင်းလဲနေသော်လည်းမြတ်ဗုဒ္ဓ၏တရားဓမ္မများက ယင်းခေတ်နှင့်လျော်ညီစွာ အံဝင်ခွင်ကျရှိနေမြဲဖြစ်သည်။ခေတ်နှင့်မလျော်ညီ၍ပြုပြင်ပြောင်းလဲပစ်ရသည်ဟူ၍လည်း မရှိခဲ့ချေ။ ဤ သည်မှာထေရ၀ါဒမြတ်ဓမ္မ၏ဂုဏ်ရည်တစ်ရပ်ဟု ဆိုရမည်ဖြစ်ပါသည်။နှစ်ဆယ်ရာစုသိပံ္ပပညာရှင်းကြီး အိုင်းစတိုင်းကမူ“အကယ်၍ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့်ဖက်ပြိုင်သည့်ဘာသာရေးတစ်ခုရှိခဲ့သည် ဆိုလျှင် ၄င်းသည်ဗုဒ္ဓဘသာဖြစ်ပေလိမ့်မည်”ဟုဆိုထားသည်။ အိုင်းစတိုင်း၏အဆိုအရ ဗုဒ္ဓဘာသာသည်သိပံ္ပ ပညာနှင့်ကိုက်ညီသောဘာသာဟု ဆိုထားခြင်းဖြစ်သည်။ ထိုသို့ခေတ်မှီပြီးအဆင့်မြင့်သောဗုဒ္ဓဒေသနာတော် များကိုလေ့လာသင်ယူရာ၌ခေတ်မီသော နည်းစနစ်များနှင့်လေ့လာသင်ယူရန်လိုအပ် လာချေပြီ။

ယင်းသို့သောအခြေအနေကိုသိရှိပြီး အမျှော်အမြင်ကြီးမားသောကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီးကမြန်မာပြည်တွင်းရှိထေရ၀ါဒရဟန်းတော်များလေ့လာသင်ကြားနေသည့် အစဉ်အလာသင်ကြား နည်း (Old education system) မှခေတ်မီ သင်ကြားနည်း (Modern education system) သို့ပြောင်းလဲပြီး
လေ့လာသင်ယူနိုင်ရန်အတွက်နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ကြီးနှစ်ခုကိုရန်ကုန်နှင့် မန္တလေးမြို့ ကြီးများ၌ (၁၃၄၈)ခုနှစ်ကစ၍တည်ထောင်ဖွင့်လှစ်ပေးခဲ့ပါသည်။ ယင်းတက္ကသိုလ်ကြီးများဖွင့်လှစ်ပေးရာမှာ လည်း စည်းလွတ်ဝါးလွတ်ဖွင့်လှစ်ပေးခဲ့ခြင်း မဟုတ်ပေ။ အသိပညာရှင်အတတ်ပညာရှင်များနှင့်တိုင်ပင် ညှိနှိုင်းပြီးပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးဝန်းကြီးဌာန၊နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့၏လက်အောက်၌ထားရှိပြီး၊တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့၊ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်၊မော် ကွန်းထိန်း၊ နာယကပါမောက္ခ၊ ဌာနမှူး၊ ကထိက၊ နည်းပြ၊ပြင်ပပညာရှင်စသည်တို့ဖြင့် ဖွင့်လှစ်ပြီးသင် ကြားစေခဲ့ခြင်းဖြစ်ပါသည်။

တက္ကသိုလ်ကြီးနှစ်ခုကို တည်ထောင်ဖွင့်လှစ်ပေးတော်မူခဲ့သောဆရာတော်ကြီး၏ ရည်ရွယ်ချက်မှာ မျက်မှောက်ခေတ်ပညာရေးတွင် အဆင့်အတန်းမြင့်မားသော သာသနာပြုရဟန်းတော်များပေါ်ထွန်းလာစေ ရန်နှင့်ကျယ်ပြန့်သော ပညာကွန်ယက်ကြီးတွင်မြန်မာ့အရေး၊ ကမ္ဘာ့အတွေး၊မြန်မာ့အမြင်၊ ကမ္ဘာအထင် များကို ပိဋကတ်တော်လာအကြောင်းအရာများနှင့်တိုက်ဆိုင်ဆန်းစစ်သုံးသပ်တတ်သော ညာဏ်မျက်စိ ပွင့်လင်းပြီး မြတ်ဗုဒ္ဓဒေသနာတော်များကိုကမ္ဘာအရပ်ရပ်သို့ဖြန့်ဝေပေးနိုင်ရန်အတွက် ဖြစ်သည်။

ယနေ့မျက်မှောက်ခေတ်တွင် ကမ္ဘာအရပ်ရပ်ရှိ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်များသည် မိမိတို့ကိုးကွယ်ယုံကြည်သော ဘာသာအယူဝါဒများကိုရေဒီယို၊ ဂြိုဟ်တု၊ အီးမေးလ်၊ အင်တာနက် စသည့်စာမျက်နှာတို့အပေါ်၌နည်းမျိုးစုံ၊ အသွင်မျိုးစုံတို့ဖြင့်ဖော်ပြနေကြပြီဖြစ်သည်။ ထို့ကြောင့်ထေရ ၀ါဒမြန်မာရဟန်းတော်များအနေဖြင့်မြတ်ဗုဒ္ဓ၏ဓမ္မများကိုလေ့လာသင်ကြားရာ၌စနစ်ဟောင်းကြီးထဲ၌ရောင့်ရဲ ၍နေရန် မသင့်တော့ပေ။

အခြားဘာသာများက မိမိတို့၏ဘာသာအယူဝါဒများကို အင်တာနက်စာမျက်နှာပေါ်၌ဖော်ပြနေချိန်မှာ မိမိတို့ထေရ၀ါဒရဟန်းတော်များအနေဖြင့်ရေတွင်းနှုတ်ခမ်းပေါ် အုန်းသီးခေါင်းခုအိပ်ပြီး စာကျက်၊ စာအံ လုပ်နေရတော့မည့် အချန်အခါမဟုတ်တော့ချေ။ မိမိတို့ထေရ၀ါဒရဟန်းတော်များသည်မြတ်ဗုဒ္ဓ၏ဓမ္မများ ကိုခေတ်မီနည်းစနစ်များဖြင့်ဖြန့်ဝေပေးရန် အချိန်ကြရောက်နေပြီဖြစ်ပါသည်။ ဒုံးပျံများ၊မော်တော်ကား များဖြင့်မြေပြင်ဝေဟင်မှာ ပျံသန်းနေချိန်တွင်မြန်မာပြည်သားထေရ၀ါဒရဟန်းတော်များ အနေဖြင့်လှည်း အိုကြီးကိုသာ တအိအိမောင်းမနေသင့်တော့ကြောင်း ရေးသားတင်ပြ အပ်ပါသည်။ ။


{မန္တလေးတိုင်း၊သာစည်မြို့နယ်၊သာဂရကျေးရွာ၊အုဋ္ဌ်တိုက်ကျောင်းတွင်ကျင်းပသောအရှင်နန္ဒ၀ံသ(သာစည်)၏ ဂုဏ်ပြုပွဲမှတ်တမ်းစာဆောင်တွင်ရေးသားသော ဆောင်းပါးကို ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်}



နှစ်သစ်မှာ ပျော်ရွှင်ခြင်းများနှင့်အတူ လူသားအားလုံး အောင်မြင်သော ဘ၀ခရီးပန်းတိုင်သို့တက်လှမ်းနိုင်ကြပါစေဟု ဆုမွန်ခြွေလျက် ...

အရှင်တိလောက(ခရမ်း)

အိန္ဒိယစံတော်ချိန်ည ၁၂း၀၀နာရီမှာ ဟက်ပီးနယူးယီးယားကိုကြိုဆိုသောအားဖြင့်ဤပို့စ်ကိုတင်ပါသည်


No comments:

Post a Comment