Friday 23 December 2011

ပန်းခရေအလွမ်း


ခရေသည်ဖွေးဖွေးဖြူလေးများဖြစ်၏၊ မာန်မ၀င့်ပဲလှပါသည်၊ ခရေသည် မနွမ်းခင်ချွေချပြီးလောကကို အလှ ဆင်သည်၊ မန်းတက္ကသိုလ်ကျောင်းသားဘ၀တွင်  ခရေတွေကောက်ဖူးပါသည်၊ မင်းတုန်းမင်းတရား ကြီးကောင်းမှုတော်ကုသိုလ်တော်ဘုရားပရ၀ုဏ်အတွင်း ခရေပင်တွေအစီအရီပေါက်စိုက်ပျိုးထားသည်၊ ခရေရိပ်သည်အေးမြသည်၊ ခရေတောသို့အပေါင်းအသင်းများဖြင့် ရောက်ကြသည်၊ စိမ်းစိမ်းညိုညို့ဖြင့် ညှို့ယူဖမ်းစားလျက်ရှိသည်၊ မန်း- သာသနာ့တက္ကသိုလ်ကျောင်းသားဘ၀တွင် ပင်ခရေတော၌ အမော မဖြေဖူးပါက တက္ကသိုလ်ကျောင်းသားဘ၀တွင် မပြည့်စုံနိုင်ပါ၊

ပိဋကတ်တော်စေတီများအကြားတွင်ရှိသော ပင်ခရေတို့က ထုံးဖွေးဖွေးစေတီတော်များကို ပန်းပွင်းများ ကိုချွေပူဇော်ရင်း မွှေရနံ့တို့ဖြင့်သင်းပျံ့နေပေသည်၊ စာကျက်ရင်း ခရေကောက်ကြသည်၊ စာရေးဆရာ မကြီးလူထုဒေါ်အမာငယ်စဉ်က ဤခရေပင်တွေအကြားပြေးလွှားရင်းဆော့ကစားခဲ့ဖူးသည်တဲ့၊သူမ၏ကမ္ဘာ့ အကြီးဆုံးစာအုပ်အမည်ရှိစာတမ်းတွင်ပြန်လည်ရေးပြသည်ကိုဖတ်ရှုဖူးသည်။

မှန်ပါသည်၊ မင်းတုန်းမင်းကုသိုလ်တော် ပိဋကတ်စေတီများသည် သူတို့အကြားဝယ်ပြေးဟယ်လွှားဟယ်ဖြင့် တူတူပုန်းတမ်းကစားနိုင်အောင်ကြီးကြယ်သော စာအုပ်ကြီးဖြစ်သည်။ ယခုတစ်ဖန်စေတီတော်တွေအကြား ခရေပြန်ကောက်ချင်နေမိသည်၊

အဲ့ဒီတုန်းက “ပန်ချင်တယ်ခရေဖူးဆိုလို့”လဲမှာလိုက်သူမရှိတော့ လက်တွင်းရှိဖြူလွလွပန်းခရေတို့ကို ကြည်နူးစွာဖြင့်  ဘုရားကို ပူဇော်ရသည်၊ ယခုတိုင် တွေးပြီးကြည်နူးနေမိပါသည်၊ ထူးကဲသောကြည်နူးမှုရရှိခဲ့ ပါသည်။

လေးပြင်းလေးရပ်က ရွှေမန်းသူတို့ခရေလာကောက်ကြသည်၊ ခရေသည် ရက်ရက်ရောရောမိုးသို့ရွာချသည်၊ အလုအယက်ကောက်ကြသည်၊ရွှေမန်းသူတို့ကခရေပန်းတို့ဖြင့်ပြုံးနေတတ်သည်၊ သက်ရှိရုပ်ကြွပန်းချီများနှင့် အလားသဏ္ဍာန်တူနေပေသည်၊တောင်လေအဝှေ့မှာဖွေးကနဲ တစ်ပြိုက်နှစ်ပြိုက်ချွေချလိုက်တဲ့ ပန်းခရေတို့က သံစဉ်တစ်ခုကို တီးနေသလိုပင် ကြားယောင်နေမိပြန်ပါသည်။

မန်း-တောင်ခြေမှာ ပန်းခရေကိုပြန်ကောက်ချင်နေမိသည်.....
၂၃. ၁၂. ၂၀၁၁ (သောကြာနေ့) ဘလော့စဖွင့်သည့်နေ့အမှတ်တရ

No comments:

Post a Comment