Thursday 12 January 2012

သီလဖြူစင်နတ်ချစ်ခင်




တစ်ရက်မှာ ပတ်စ်ပို့သက်တမ်းတိုးရန်အတွက် တစ်ခြားဆိုက်ကကြွလာတဲ့ သူငယ်ချင်း၂ပါးကို နယူးဒေလီ ဘူတာမှာ စာရေးသူသွားကြိုခဲ့ရပါတယ်။ စာရေးသူနဲ့လည်းပြောမနာဆိုမနာ သူငယ်ချင်းတွေဆိုလဲ မမှားပါဘူး။ စာရေးသူတို့နေထိုင်တဲ့ နယူးဒေလီမှာကမြေပေါ်၊မြေအောက်ရထား(Metro)တွေရှိတယ်။ အ၀ါ လိုင်း၊ အပြာလိုင်းစသည်ပြေးဆွဲပေးနေတာ၊ မနက်(၆)နာရီမှည(၁၁)နာရီအထိပါ၊ မြို့ထဲမြို့ပြင်သွားလာ ရတာ အလွန်အဆင်ပြေပါတယ်။ငွေကုန်ကြေးကြလဲသက်သာသလိုမြန်လည်းမြန်ဆန်ပါတယ်။ စာရေးသူ သွားကြို လာတဲ့သူငယ်ချင်း၂ပါးကိုမြေအောက်ရထားစီးဘို့ လက်မှတ်ဖြတ်ပေးလိုက်ပါတယ်။ လက်မှတ် အကြောင်း ကိုပြောပြလိုက်ပါတယ်။ ဂိတ်အ၀င်ကောင်တာမှာ အိတ်ဇရေးဖြတ်ခြင်း၊ အ၀င်လက်မှတ် ကိုကောင်တာ မှာလေဆာဖြင့်ငွေဖြတ်ခြင်းစသည်လုပ်ပြီး ရထားစီဘို့ခဏစောင့်နေတဲ့အချိန်မှာ တစ်ပါး ကပြောတယ် “တော သားမြို့ရောက်သလိုပါပဲကွာ”တဲ့ ဒါနဲ့စာရေးသူလဲ သူငယ်ချင်းကိုစချင်တာနဲ့ “ငါ့ လူတောသမင်းမြို့ ထဲရောက်သလိုဖြစ်နေလား”လို့နောက်လိုက်ပါတယ်။   

သူငယ်ချင်းကငြိမ်တော့မခံဘူး“ဆရာတိက တို့နောက်မှအိန္ဒိယရောက်ပေမယ့် တို့ထက်ခြေတစ်လှမ်းသာ တယ်ဟ၊ ဒါပေမယ့် တို့လိုဘုရားပွင့်တဲ့အရပ်မှာ သူမနေရရှာဘူး”ဆိုပြီး အနိုင်လေးတော့ ပိုင်းပြီးပြန်ပြောပါ တယ်။ စာရေးသူလဲ ဘယ်ငြိမ်နေမလဲရှိတာလေးတော့ပြန်ကြွားရတာပေါ့ “ဟုတ်တယ်ကိုယ့်လူရ၊ ဒါပေမယ့် ဘုရားပွင့်တဲ့အရပ်တော့မှန်ပါတယ်၊ နိဗ္ဗာန်ကိုတိုက်ရိုက်ရောက်မယ့် တရားမျိုးကိုတော့ဒေလီမှာဟော တာနော်၊ ဒီဒေသမှာ ဘာကြောင့်ဟောလဲဆိုရင် ဒီအရပ်ကလူတွေက အစာရေစာကလည်းကောင်းတော့ ညာဏ်ထက်တယ်လေ၊နောက်ပြီး သူတို့ရဲပင်ကိုယ်သဘာဝကိုယ်ကျင့်တရားကပင် သီလတစ်ခုဖြစ်နေလို့ ကွ၊သတ်ခြင်း၊ ညှင်းဆဲခြင်းစတဲ့သီလတရားတွေက အလိုလိုစောင့်ထိန်းပြီးသားဖြစ်နေတယ်၊ စိတ်ထားတွေ ကနူးညံ့သိမ်မွေ့နေလို့၊ သိမ်မွေ့နက်နဲတဲ့ မဟာသတိပဋ္ဌာန်တရားကို ဒါကြောင့်ဒီမှာဟောတာဟ၊ ဒီတရားမျိုး ကို လက်ခံနိုင်စွမ်းကလည်း ဒီအရပ်မှာပဲရှိတာလေ။အေး…မသိရင်လဲယမုံနာလွင်ပြင်ဆိုက်မှာ သတိပဋ္ဌာန် ကုန်းအကြောင်းဆောင်းပါးရှိတယ်၊ဖတ်ကြည့်လိုက်ပါဦး”ဆိုပြီးကိုယ်ကလည်းအားကျမခံခပ်ကြွားကြွားပြန်ပြော လိုက်မိပါတယ်။ ဒီအကြောင်းကိုဆောင်းပါးတစ်ပုဒ်ရေးဘို့တာစူးနေတာ “သံတိုင်ကြားကကျောက်စာ” ပြီးက တည်းကပါ။ အလုပ်များနေတာနဲ့ မရေးဖြစ်တာပါ။ ဒေလီဆိုတာကုရုတိုင်းထဲမှာပါတဲ့ ကမ္မာသဓမ္မနိဂုံးဆိုတာ သတိပဋ္ဌာန်ကုန်းအကြောင်းရေးတုံးက စာရေးသူတင်ပြခဲ့ပြီးပါပြီ။ ကုရုတိုင်းသားတွေက အစာရေစာကောင်း မွန်စွာစားသုံးရတယ်၊ အဲ့ဒီအတွက်ညာဏ်ထက်တယ်။ ဘာကြောင့်အစာရေစာကောင်းမွန်စွာစာသုံးရ သလဲဆိုရင် မိုလေ၀သမှန်တော့ကောင်းပဲသီးနှံတွေကဖြစ်ထွန်းတယ်၊ ဘာကြောင့်းမိုးလေ၀သမှန်သလဲ ဆိုရင် ရှင်ဘုရင်နဲ့တိုင်းသူပြည်သားတွေက သီလစင်ကြယ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သီလစင်ကြယ် တဲ့အရပ်ဒေသမှာ ရာသီဥတုမှန်ပါတယ်။ သူတို့ရဲ့ပင်ကိုယ်ကိုယ်ကျင့်တရားကပင် သီလတစ်ခုကိုအလို အလျောက်စောင့်ထိန်းပြီးသားဖြစ်နေကြပါတယ်။ သူတို့က ဘယ်လိုကိုယ်ကျင့်တရားတွေစောင့်ထိန်းကြ သလဲဆိုရင်….

၁. သူတစ်ပါးအသက်ကို မသတ်ကြဘူး။ 

အိန္ဒိယမှာက အဟိံသ၀ါဒ(မညှင်းဆဲခြင်း)ကိုများသောအားဖြင့်ကျင့်သုံးကြပါတယ်။ သတ္တ၀ါလေးတွေဆို ရင်ဘေးမဲ့ပေးထားတာ၊ ကျီးကန်းတွေကအစ လူသိပ်မကြောက်ဘူး။မြန်မာပြည်မှာမြင်ရခဲတဲ့ သိန်းစွန် ငှက်တွေကိုလည်း မြို့ထဲမှာမြင်တွေ့ရပါတယ်။ သတ္တ၀ါတွေကို ရက်ရက်စက်စက်သတ်ဖြတ်တာ မတွေ့ရဘူး။ သက်သက်လွတ်ဝါဒများတယ်။ လမ်းခရီးသွားရင် စာရေးသူတို့ပညာသင်ရဟန်းတော်တွေ ရထားပေါ်မှာ ဆွမ်းချိန်ကျရောက်လို့ဆွမ်းဝယ်ပြီးဘုဉ်းပေးရတဲ့အခါ ကြက်ဥပြုတ်တောင်မဘုဉ်းပေးရဲပါဘူး။ တစ်ခါက ပညာသင်ရဟန်းတော်တစ်ပါး ရထားပေါ်မှာ အမှုမဲ့ကြက်ဥပြုတ်ဘုဉ်းမိလို့ မိသားစုတစ်ခုမှာပါလာတဲ့ ၁၂နှစ် အရွယ်ခလေးကကြည့်ပြီး သူ့အဖေနဲ့အမေကိုပြောလိုက်တဲ့အတွက် ကလေးအဖေကအနားလာပြီး “မင်းတို့ ဆာဒူးတွေဖြစ်ပြီး သူများအသက်စားရလား”လို့ အပြောခံခဲ့ရဘူးတယ်လို့ ကြားဖူးပါတယ်။ ဆာဒူးဆိုတာ ကုလားအသံနဲ့ပြောတာပါ၊မြန်မာသံနဲ့ဆိုရင်“သာဓု” သူတော်ကောင်းလို့ အဓိပ္ပါယ်ရပါတယ်။ဒေလီမှာ အစဦး ဆုံးကျောင်းတက်တဲ့မြန်မာရဟန်းတော်တွေဆိုရင် အထူးအဆန်းဝိုင်းကြည့်တာခံရတယ်လို့ ကြားဖူးပါတယ်။ ဆားဒူဆိုတာ တောအရပ်မှာပဲနေရတယ်၊ မြို့ထဲရွာထဲသွားလာတာကို သူတို့ကမကြိုက်ကြဘူး။

၂. သူတစ်ပါးမပေးတဲ့ဥစ္စာပစ္စည်းကို ပိုင်ရှင်မသိပဲမယူကြဘူး။ 

ခိုးခြင်းဝှက်ခြင်းမရှိဘူး။  ဒီအချက်တွေက အခုခေတ်ကိုပြောတာမဟုတ်ပါဘူး။ ဗုဒ္ဓလက်ထက်ကို ပြောတာပါ။

၃.သူတစ်ပါးသားမယားကိုပြစ်မှာခြင်းအမှုလည်းမရှိကြဘူး။

အိန္ဒိယမှာက ဇာတ်စနစ်ခွဲခြားတဲ့ဝါဒကရှိတော့တော်ရုံတန်ရုံဖြစ်ခဲပါတယ်။ ရုပ်ပျက်ဆင်းပျက်အတွဲဆိုတာ မတွေ့ရသလောက်ရှားပါတယ်။ အမျိုးသမီးက လင်ယောက်ျားကိုတောင်းယူရတာမို့ သူတို့ဘက်ကဈေးကျမှာ စိုးတဲ့အတွက်အမျိုးသမီးကလည်း ထိန်းထိန်းသိမ်းသိမ်းနေရတယ်။ အမျိုးသားများကလဲ သိပ်ဂရုစိုက် မနေကြဘူး။ သူတို့ကလည်း အတောင်းခံတွေဆိုတော့ မာနကြီးတစ်ခွဲသားနဲ့လို့ပြောရမလားမသိဘူး။ ကိုယ်တောင်းယူရ မဲ့ယောက်ျားက ရာထူးရှိမယ်၊ ပညာတတ်မယ်ဆိုရင် ပိုက်ဆံများများနဲ့တင်တောင်း ကြရတယ်လို့ ကြားဖူးပါ တယ်။ အဲ့ဒါကြောင့် သူတို့ဘက်ကလဲ တန်ဘိုးရှိအောင်နေထိုင်ပြရပါတယ်။

၎.မူယဇ်ဆေးဝါးသုံးစွဲခြင်းလဲမရှိကြဘူး။

အရက်ဆိုင်ဆိုတာ လမ်းဘေးဆိုင်မရှိဘူး။အေးဂျင့်လိုဆိုင်မျိုးတွေတော့ နည်းနည်းပါးပါးတွေ့ဖူးပါတယ်။ ဒါပေမယ့် ညနေပိုင်းဆိုရင်တော့ တန်းစီပြီးဝယ်နေတာကိုတွေ့ရပါတယ်။ စားပွဲခုံနဲ့ဝိုင်းဖွဲ့ပြီးပေါ်ပေါ်တင် တင်သောက်တာမျိုးမတွေ့ရပါဘူး။အဆင့်အတန်းရှိတဲ့သူဆိုရင်ဆေးလိပ်သောက်၊ ကွမ်းစားတောင်မှပေါ်ပေါ် တင်တင်သုံးစွဲတာမျိုးမရှိကြဘူး။ ပုံးလျှိုး၊၀ှက်လျှိုးလုပ်ကြရတယ်။ သူတို့ကအပြစ်ကြီးတယ်ဆိုပြီးယူဆထား တယ်လို့ ကြားဖူးပါတယ်။

၅. လိမ်လည်းပြောဆိုမှုလည်းမပြုကြဘူး။ 

ဒါကလည်း ဗုဒ္ဓလက်ထပ်ကပဲရှိမှာပါ။ အခုလည်းရှိကောင်းရှိနိုင်ပါတယ်။ အားလုံးကိုခြုံပြောလို့တော့မဖြစ် ဘူးပေါ့။ခေတ်ကာလတွေက ကြာမြင့်လာတော့ပြောင်းလဲမှုတွေကလည်းရှိလာမှာပါပဲ။ အဓိကအားဖြင့်စာရေး သူတင်ပြခြင်တဲ့ အကြောင်းအရာက ဗုဒ္ဓလက်ထပ်ကဒေလီဆိုတာ ကုရုတိုင်းထဲမှာပါတယ်။ ကုရုတိုင်း သားတွေက ပင်ကိုယ်အားဖြင့် သူတစ်ပါးအသက်ကိုသက်ခြင်းစတဲ့ အမှုတွေ ကိုရှောင်ကြည်ကြတယ်။ အဲ့ဒီ လိုရှောင်ကြဉ်ခြင်းသည်ပင် သီလတစ်ခုကိုအလိုအလျောက်စောင့် ထိန်းပြီးသားဖြစ်နေပါတယ်။ ဒါကြောင့် ဒီလိုသီလလုံခြုံတဲ့အရပ်ဒေသမှာ မိုးလေ၀သတွေကမှန်တယ်။ ဘာကြောင့် မိုးလေ၀သမှန်ရသလဲဆိုရင် သီလစောင့်ထိန်းတဲ့ပုဂ္ဂိုလ်တွေကို သမ္မာဒေ၀နတ်မြတ်နတ်ကောင်းတွေကစောင့်ရှောက်ကြပါတယ်။ သမ္မာဒေ၀နတ်မြတ်နတ်ကောင်းတွေစောင့်ရှောက်လို့ မိုးလေ၀မှန်တဲ့အတွက် ရာသီဥတုကောင်းမွန်ပြီး ဆန် စပါးကောက်ပဲသီးနှံဖြစ်ထွန်းပါတယ်။ ဒီအချက်ကိုကြည့်သောအားဖြင့်ကောက် ပဲသီးနှံမဖြစ်ထွန်းဘူးဆိုရင် သီလမလုံခြုံလို့ဆိုတာ သင်္ခန်းစားယူလို့ပါတယ်။ ဒီလိုကုရုတိုင်းသားတွေကျင့်သုံး တဲ့တရားဖြစ်တဲ့အ တွက်ကြောင့် ကုရုဓမ္မလို့ခေါ်ပါတယ်။ခေတ်ကာလတွေကြာလာတော့ အလေးအနက်ထား ပြီးစောင့်ထိန်း သင့်တဲ့ တရားဖြစ်တယ်ဆိုပြီး “ဂရုဓမ္မသီလ”လို့ခေါ်လာကြပါတယ်။ ကုရုတိုင်းသားတွေကျင့် သုံးတဲ့တရားဆို သည်မှာလည်း အခြေခံအားဖြင့်ငါးပါးသီလပဲဖြစ်ပါတယ်။ ဗုဒ္ဓလက်ထပ်ကပင် ဒီတရားတွေ ကျင့်သုံးသလား ဆိုရင်း မဟုတ်ပါဘူး။ ဇာတကအဋ္ဌကထာမှာဖေါ်ပြချက်တစ်ခုက ဗုဒ္ဓကဒီနေရာဒီဒေသမှာ ဘုရားလောင်း ဘ၀နဲ့ဣန္ဒပတ္တနဂိုရ်ပြည်တွင်ကောရဗျဘုရင်အဖြစ်နဲ့ထီးနန်းအုပ်ချုပ်မင်းလုပ်ခဲ့ဘူးတယ်လို့ဆိုထားပါတယ်။   


ဘုရားလောင်းက တိုင်းသူပြည်သားတွေကို ငါးပါးသီလစောင့်ထိန်းဘို့ရန် ဥပဒေထုတ်ပြီး သီလစောင့် ထိန်းခိုင်းပါတယ်။ ဘုရားလောင်းကလည်း သီလနဲ့ပြည့်စုံအောင်နေပြီး တိုင်းသူပြည်သားတွေကို မင်းကျင့် တရားနှင့်အညီ အုပ်ချုပ်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းပြည်ကအေးချမ်းပြီး သာယာဝပြောပါတယ်။ ရာသီ ဥတုတွေကလည်းကောင်းမွန်တဲ့အတွက်ကောက်ပဲသီးနှံတွေကဖြစ်ထွန်းလို့ အစာရေစာလည်းပေါများတယ် လို့ စာပေကဆိုထားပါတယ်။ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဒန္တပူရပြည်မှာအုပ်ချုပ်တဲ့ ကာလိင်္ကမင်းက သူ့နိုင်းငံမှာမိုးခေါင်ရေရှားဖြစ်ပြီး ဆန်စပါးရှားပါးတဲ့အတွက် ဒုက္ခအမျိုးမျိုးကြုံတွေ့နေရရှာတယ်။ ဒါကြောင့် တစ်ဖက်နိုင်ငံက ဘာကြောင့်မိုးလေသကောင်းမွန်ရသလဲ၊ ဘာကြောင့်သာယာဝပြောရသလဲဆိုတဲ့ အချက် ကိုစုံးစမ်းပြီး သူ့နိုင်းငံမှာလည်း ဣန္ဒပတ္တနဂိုရ်ပြည်မှာလိုသာယာဝပြောအာင် ငါးပါးသီလကိုစောင့် ထိန်းစေ ခဲ့တယ်။ ဒီလိုငါပါးသီလကိုစောင့်ထိန်းတဲ့အတွက် ဒန္တပူရပြည်မှာလည်း မိုးလေ၀သကောင်းမွန်လာ လို့ကောက်ပဲသီးနှံတွေဖြစ်ထွန်းပြီး သာယာဝပြောမှုတွေဖြစ်လာတယ်လို့ဆိုထားပါတယ်။ ဒီအချက် ကိုကြည့်သော အားဖြင့်ရှေးသူတော်ကောင်းတွေက သူတစ်ပါးကြီးပွားချမ်းသာနေတာကို မတရားသော နည်းဖြင့် ယူဘို့မကြိုးစားခဲ့ဘူး။ သူတို့တွေဘာကြောင့်ချမ်းသာလဲ၊ ဘယ်လိုတွေလုပ်ကြ လို့ချမ်းသာနေ သလဲဆိုတာ ကိုစုံးစမ်းပြီး အတုယူလိုက်နာကျင့်သုံးနေထိုင်တာကို အတုယူစရာတွေ့ရှိရပါတယ်။ သူတစ်ပါး ထံကဥစ္စာပစ္စည်းကို မတရားသဖြင့် အနိုင်ကျင့်ပြီးယူမယ်ဆိုတဲ့အတွေးမျိုးမရှိတာကို သင်္ခန်းစားယူရ မှာဖြစ်ပါတယ်။ ဒီနေရာမှာ စာရေးသူတင်ပြချင်ပါတယ်။ တိုင်းပြည်တစ်ခုလုံးဆိုတာ အလှမ်းကျယ်ပါတယ်။ ဒန္တကီမင်းကိုကြည့်ပြီး အနည်းဆုံးကိုယ့်မိသားစုမှာလိုအပ်ချက်တွေနဲ့မပြည့်စုံတော့ဘူးဆိုရင် ငါ့မှာဘာတွေ လိုအပ်နေသလဲ၊ ဘာတွေကိုပြုပြင်ရမလဲဆိုတာ ကိုယ့်မှာအားနည်းနေတဲ့အချက်တွေကိုပြုပြင် ရမှာဖြစ် ပါတယ်။ သူတစ်ပါးထံက ခိုးသင်တဲ့အရာဆိုတာ ဥစ္စာပစ္စည်းမဟုတ်ပါဘူး။ကောင်းမွန်တဲ့အကျင့် ကိုသာ ခိုးယူသင့်တာပါ။ ဒီဇာတ်တော်ကိုကြည့်သောအားဖြင့် သီလစင်ကြယ်သူကကောင်းကျိုးချမ်းသာကို ရရှိခံစား ရတယ်ဆိုတာ ခိုင်မာတဲ့သာဓကတစ်ခုဖြစ်ပါတယ်။ သီလစင်ကြယ်ပြီး သီလနဲ့ပြည့်စုံတဲ့သူက နောက်ထပ် ဒီလိုမျိုးအကျိုး တရားတွေရရှိပါသေးတယ်။ 

 (၁) မေ့လျော့မှုမရှိခြင်း၊

(၂) ကောင်းသတင်းကျော်စောရခြင်း၊

(၃) ပရိတ်သတ်အတွင်းကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းစွာဝင်နိုင်ခြင်း၊

(၄) သေခါနီးအခါ၌မတွေဝေဘဲသေနိုင်ခြင်း၊

(၅) သေပြီးနောက် သုဂတိဘုံဘဝ၌ဖြစ်ရခြင်းစတဲ့ အကျိုးတရားတို့နှင့်ပြည့်စုံတဲ့အပြင်အထက်မဂ်ဉာဏ်များ ကိုရရှိစေနိုင်တဲ့စောင်းတန်းလှေကားသဖွယ်ဖြစ်တယ်လို့ ဘုရားရှင်ဟောကြားထားတာကိုတွေ့ရှိရပါသေး တယ်။ 

ဒီအချက်တွေက သီလစောင့်ထိန်းခြင်းရဲ့အကျိုးတရားတွေဖြစ်ပါတယ်။ စာရေးသူတင်ပြခဲ့တဲ့ ကုရုတိုင်းဆို တာ ဗုဒ္ဓလက်ထပ်မတိုင်ခင် ဘုရားလောင်းဘ၀ကတည်းက သာယာဝပြောခဲ့တဲ့နေရာဆိုတာ ကုရုဓမ္မခေါ် ဂရုဓမ္မဇာတ်က သက်သေခံနေပါတယ်။ ကုရုတိုင်း၊ ကမ္မာသဓမ္မနိဂုံးမှာ ဘုရားရှင်က မဟာသတိပဋ္ဌာန သုတ်ဟောခဲ့တာဟာ အထက်ကပြောခဲ့တဲ့အချက်တွေကြောင့်ဟောခဲ့တာဖြစ်ပါတယ်။ ကုရုတိုင်းသားတွေက သီ လစောင့်ထိန်းတဲ့အတွက် နတ်မြတ်နတ်ကောင်းတွေကချစ်ခင်ကြပါလိမ့်မယ်။ ထိုကဲ့သို့နတ်တွေကချစ်တဲ့ အတွက် နတ်တို့ရဲ့အစောင့်အရှောက်ကိုရပြီး တိုင်းပြည်က သာယာဝပြောခြင်းဖြစ်ပါတယ်။ ဗုဒ္ဓလက်ထပ်က နယူးဒေလီဆိုတာ ကမ္မာသဓမ္မနိဂုံးဖြစ်ပြီး သာယာဝပြောပြီးသိမ်မွေ့နူးညံ့တဲ့စိတ်ထားရှိတဲ့နေရာဒေသတစ် ခုဖြစ်တယ်ဆိုတာကို မဟာသတိပဋ္ဌာနသုတ်နဲ့ဂရုဓမ္မဇာတ်တော်တို့က သက်သေခံနေပါတယ်။ ဂရုဓမ္မ ဇာတ်တော်ကိုထောက်ဆပြီး သီလဖြူတဲ့သူတွေကို သမ္မာဒေ၀နတ်မြတ်နတ်ကောင်းတွေကချစ်ခင်ကြ ပါလိမ့် မယ်။ နတ်တွေကချစ်ခင်လို့စောင့်ရှောက်သဖြင့် ကုရုတိုင်းမှာသာယာဝပြောခဲ့ပါတယ်ဆိုတဲ့အကြောင်းရေး သားတင်ပြလိုက်ရပါတယ်…..။


ကျမ်းကိုး။ ။ ဇာတကအဋ္ဌကထာ၊ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ။



နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ

အရှင်တိလောက(ခရမ်း)
၁၀.၀၁.၂၀၁၂ (အင်္ဂါနေ့)
မြန်မာစံတော်ချိန် ည ၀၁း၂၂နာရီ

Tuesday 3 January 2012

သူ့အတွေး



စာရေးသူ စတုတ္ထနှစ်သင်တန်းပြီးတော့ နယ်စပ်ဒေသနှင့်တောင်းတန်းသသနာပြုတာဝန်(၂)နှစ်ကို (၂၀၀၈)ခုနှစ် ကဝေဠုဝန် သာသနာပြုဌာန(ဗဟို)၊တန့်ယန်းမြို့၊ရှမ်း/မြောက်မှာတာဝန်ကျခဲ့တယ်။ စာရေးသူကမြို့ပေါ်မှာတာဝန်ကျတာ ဆိုတော့တစ်ခြားညီနောင်များလို့ ပင်ပန်းဆင်းရဲမှုကို သိပ်မခံစားခဲ့ရဘူးပေါ့။ လက်ရှိဆရာတော်များကို အင်းအားဖြည့်ပေး ရုံလောက်ပဲရှိပါတယ်။ကျောင်းတိုက်အတွင်းရှိ တိုင်းရင်းသားကိုရင်လေးများကို မနက်ပိုင်းမှာစာဝါပို့ချပေးရပါတယ်။ မြို့ပေါ်ရှိသီလရှင်စာသင်တိုက်တစ်တိုက်ကိုလည်း နေ့ခင်းပိုင်းမှာ သွားရောက်ပြီးစာဝါပို့ချပေးရပါသေးတယ်။

စာရေးသူရောက်စနှစ်မှာ ပထမငယ်၊ပထမလတ်၊ပထမကြီးတန်းရှိ တိုင်းရင်းသူသီလရှင်ဆရာလေးများကိုဘာသာစုံ အတန်းစုံ စာဝါပို့ချပေးရပါတယ်။ သူတို့ကျောင်းတိုက်ရဲ့နာယကဆရာကြီးက ဆရာလေးများကို “တပည့်တို့ သီလစင် ကြယ်အောင်နေကြပါ၊ သီလကို လုံအောင်ထိန်းကြပါ၊ သီလမလုံခြုံရင်သေပြီးတဲ့နောက် ငရဲသွားပြီးခံရလိမ့်မယ်၊ ငရဲမှာလဲ ဘုန်းကြီးနဲ့သီရှင်တွေချည်းပဲ”စသည်ဖြင့် ဆုံးမသြ၀ါဒပေးလေ့ရှိပါတယ်။ တစ်ရက်မှာစာရေးသူက ပထမကြီးတန်း ဆရာလေးများကို အဘိမ္မာဘာသာရပ်တစ်ခုပို့ချရင်းနဲ့(၃၁)ဘုံနဲ့ပတ်သက်ပြီး ငရဲဘုံအကြောင်းကို ရှင်းပြနေစဉ် “၀”လူမျိုး တိုင်းရင်သူဆရာလေးတစ်ပါးက ထလျှောက်တယ်၊ မနေ့ကသူတို့ကို ဆရာကြီးကဆုံးမတယ်ဆို တဲ့ကြောင်းလျှောက် ပါတယ်။ စာရေးသူလည်း သူလျှောက်တာကိုနားထောင်ရင်း အမောဖြေနေလိုက်မိတယ်။

အဲ့ဒီဆရာလေးက သူ့စကားကိုအဲ့ဒီတင်ရပ်မထားဘူး၊ ဆက်ပြောတယ်“ငရဲပြည်မှာ ဘုန်းကြီးနဲ့သီလရှင်တွေချည်းပဲ ဆိုတော့ တပည့်တော်တို့ဆရာကြီးက သူရောက်ဖူးလို့လားမသိဘူး”တဲ့၊ စာရေးသူ ဘာပြန်ပြောရမှန်းမသိဖြစ် သွားတယ်။ သူ့စကားကို ထောက်ခံပေးရလဲအခက်။ အဲ့ဒီအချိန်မှာ သူ့ဘေးနားက ဗမာလူမျိုးဆရာလေးတစ်ပါးက “ဟဲ့ အရှင်မ ဘာတွေလျှောက်ပြောနေတာလဲ”ဆိုပြီး သူ့စကားကိုရပ်သွားအောင် ၀င်တားပါတယ်။ ဒါပေမယ့် မရပါဘူး၊သူကဆက်ပြော လိုက်ပါတယ် “ဟုတ်တယ်လေ အရှင်မရဲ့ ဆရာကြီးက သူရောက်ဖူးလို့သာ သိလို့တပည့်တော်တို့ကို ဆုံးမတာနေမှာပေါ့” ဆိုတော့ စာရေးသူကရယ်မိတယ်။ စာဝါလိုက်တဲ့ကျန်ဆရာလေးများကပါ ၀ိုင်းပြီးရယ်ကြတော့သူကပြန်းပြီးမေးလိုက်သေး တယ် “ဘုန်းဘုန်းတို့က ဘာလို့ရယ်ကြတာလဲ” တဲ့။ “ဟဲ့တော်တော့နေရင်းထိုင်းရင်း နင်တို့ဆရာကြီးကငရဲပြန်ဖြစ်နေရပြီ” လို့ငေါက်လိုက်တော့မှ ငြိမ်သွားပါတယ်။ စာရေးသူလဲ ငရဲဘုံအကြောင်းကို ဆက်ပြီးမပို့ချဝန့်တော့ဘူး။တော်တော်ကြာ စာရေးသူကို “ဘုန်းဘုန်းရောက်ဖူးလို့လား” လို့မေးလာခဲ့ရင်ခက်ရချည်သေးရဲ့ဆိုပြီး စာရေးသူလည်းနတ်ဘုံအကြောင်း ကိုပြောင်းပြီးသင်ပေးလိုက်ရပါတော့တယ်….။ တိုင်းရင်းသူတိုင်းရင်း သားတွေကို ဆုံးမစကားပြောတဲ့အခါ ကိုယ့်စကားက ကိုယ့်ကိုပြန်မပတ်အောင် မနည်းစဉ်းစားပြီးမှ ပြောရပါတယ်…။


အရှင်တိလောက(ခရမ်း)
၀၁. ၀၁. ၂၀၁၂ (တနင်္ဂနွေနေ့)
မြန်မာစံတော်ချိန်ည ၁၀း၃၅