Saturday 31 December 2011

မျက်မှောက်ကမ္ဘာနှင့် မြတ်ဗုဒ္ဓဒေသနာ



ယနေ့မျက်မှောက်ခေတ်ကိုGlobalization(ကမ္ဘာ့ရွာ)ဟု တင်စားခေါ်ဝေါ်နေကြသည်။ “ကမ္ဘာကြီးသည် ရွာတစ်ရွာစာမျှ သာရှိသည်”ဟု တင်စားမည်ဆိုပါကတင်စားနိုင်လောက်သော အကြောင်းအချက်များရှိနေပါသည်။ အကြောင်းမှာ-ရှေး ယခင်ကဒေသတစ်ခုနှင့်တစ်ခု ဆက်သွယ်ရေးပြုလုပ်ကြရာတွင်ခြေလျင်တမန်တော် (ခြေမြန်တော်)၊ခို၊သိန်းငှက်စသော သတ္တ၀ါများနှင့်စာချွန်လွှာရေးသားပေးပို့ကြကြောင်း ရာဇ၀င်၊ပုံပြင်များ၌ဖတ်ရှုရပါသည်။ ယခုအခါကြေးနန်းစာ (telegram)၊ကြိုးဖုန်း၊လက်ကိုင်ဖုန်း၊ဖက်စ်(fax)၊အီးမေးလ်(E-mail)၊အင်တာနက်(Internet)စသည်တို့ဖြင့်အချိန်တိုအတွင်း ကမ္ဘာ့နှင့်အ၀ှမ်းဆက် သွယ်နေနိုင်ကြပြီ ဖြစ်ပါသည်။

ကုန်စည်ကူးသန်းရောင်းဝယ်ရေးမှာရှေးယခင်က လား၊မြင်း၊ သစ်ကုလားအုပ်၊နွားလှည်း၊မြင်းလှည်း၊ရွက်လှေ၊ ရွက်သင်္ဘောတို့ဖြင့်သာသယ်ယူပို့ဆောင်ပြီး ကူးသန်းရောင်း ၀ယ်မှုပြုကြရသည်။ ယခုအခါတွင်မြေပြင် ၊ရေပြင်၊ဝေဟင်၊ သြကာသတစ်ခွင်မှာမော်တော်ကား၊ မီးရထား၊ စက်တပ်လှေ၊စက်သင်္ဘော၊လေယာဉ်ပျံ စသည်တို့ဖြင့် ကူးသန်းရောင်းဝယ်မှုပြုနေကြပြီဖြစ်ပါသည်။

ခရီးသွားလာမှုနှင့်ပတ်သတ်၍ရှေးယခင်ကနှစ်၊လချီ၍အချိန်ကြာမြင့်စွာသွားလာရသောခရီးကို တစ်နေ့တစ် ရက်၊ တစ်နံနက်တည်းဖြင့် အရောက်သွားနိုင်နေပြီဖြစ်ပါသည်။ ထိုအကြောင်းများကြောင့်ပင် ကမ္ဘာကြီးသည် တစ်နံ၊တစ်လျားစာမျှသာရှိသော “ရွာကလေးတစ်ရွာ” ဟု တင်စားသမှုပြု၍ခေါ်ဝေါ်နေကြခြင်း ဖြစ်ပါသည်။

ယင်းကဲ့သို့ တိုးတက်မြင့်မားနေခြင်းမှာ အသိပညာရှင်၊ အတတ်ပညာရှင်၊အတွေးအခေါ်ပညာရှင်များ ၏တွေးတော ကြံဆ၊ တီထွင်၊ ထုတ်လုပ်မှုတို့ကြောင့်သာဖြစ်သည်။ ထိုကဲ့သို့သော ပညာရှင်မျိုးစုံတို့သည် B.C1500ခန့်ကစတင်၍ အသွင်အမျိုးမျိုးဖြင့်တည်ရှိနေခဲ့ကြခြင်းဖြစ်သည်။ ယင်းပညာရှင်များထဲ တွင်မြတ်ဗုဒ္ဓလည်းတစ်ဦးအပါအ၀င်ဖြစ်ခဲ့ပါသည်။B.C700စုခန့်ကပေါ်ထွန်းခဲ့သောမြတ်ဗုဒ္ဓသည် ကိုယ်တိုင် ကျင့်ကြံ ကြိုးကုတ်အားထုတ်၍ သိရှိလာသောအသိညာဏ်ပညာများကိုလောကလူသားတို့အားဖြန့်ဝေပေး ခဲ့ပါသည်။ ထိုသို့ဖြန့်ဝေပေးရာမှာလည်းဘုရားဖြစ်သည့်နေ့မှ ပရိနိဗ္ဗာန်စံတော်မူသည့် အထိ(၄၅)နှစ်တိုင် တိုင်မရပ်မနားဒေသစာရီကြွချီပြီးဟောကြားတော်မူခဲ့ခြင်းဖြစ်ပါသည်။မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော တရားတော်များမှာ ပိဋကအားဖြင့်သုံးပုံ၊ဓမ္မခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ရှိပါသည်။ထိုတရားများကို လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀)ခန့်ကဟောကြားထားခဲ့သော်လည်း ယနေ့ထက်တိုင်အဆင့်မြင့် မားပြီးခေတ် မှီနေဆဲဖြစ်ပေသည်။

ခေတ်ကာလ အမျိုးမျိုးပြောင်းလဲနေသော်လည်းမြတ်ဗုဒ္ဓ၏တရားဓမ္မများက ယင်းခေတ်နှင့်လျော်ညီစွာ အံဝင်ခွင်ကျရှိနေမြဲဖြစ်သည်။ခေတ်နှင့်မလျော်ညီ၍ပြုပြင်ပြောင်းလဲပစ်ရသည်ဟူ၍လည်း မရှိခဲ့ချေ။ ဤ သည်မှာထေရ၀ါဒမြတ်ဓမ္မ၏ဂုဏ်ရည်တစ်ရပ်ဟု ဆိုရမည်ဖြစ်ပါသည်။နှစ်ဆယ်ရာစုသိပံ္ပပညာရှင်းကြီး အိုင်းစတိုင်းကမူ“အကယ်၍ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့်ဖက်ပြိုင်သည့်ဘာသာရေးတစ်ခုရှိခဲ့သည် ဆိုလျှင် ၄င်းသည်ဗုဒ္ဓဘသာဖြစ်ပေလိမ့်မည်”ဟုဆိုထားသည်။ အိုင်းစတိုင်း၏အဆိုအရ ဗုဒ္ဓဘာသာသည်သိပံ္ပ ပညာနှင့်ကိုက်ညီသောဘာသာဟု ဆိုထားခြင်းဖြစ်သည်။ ထိုသို့ခေတ်မှီပြီးအဆင့်မြင့်သောဗုဒ္ဓဒေသနာတော် များကိုလေ့လာသင်ယူရာ၌ခေတ်မီသော နည်းစနစ်များနှင့်လေ့လာသင်ယူရန်လိုအပ် လာချေပြီ။

ယင်းသို့သောအခြေအနေကိုသိရှိပြီး အမျှော်အမြင်ကြီးမားသောကျေးဇူးတော်ရှင် မင်းကွန်းဆရာတော် ဘုရားကြီးကမြန်မာပြည်တွင်းရှိထေရ၀ါဒရဟန်းတော်များလေ့လာသင်ကြားနေသည့် အစဉ်အလာသင်ကြား နည်း (Old education system) မှခေတ်မီ သင်ကြားနည်း (Modern education system) သို့ပြောင်းလဲပြီး
လေ့လာသင်ယူနိုင်ရန်အတွက်နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ကြီးနှစ်ခုကိုရန်ကုန်နှင့် မန္တလေးမြို့ ကြီးများ၌ (၁၃၄၈)ခုနှစ်ကစ၍တည်ထောင်ဖွင့်လှစ်ပေးခဲ့ပါသည်။ ယင်းတက္ကသိုလ်ကြီးများဖွင့်လှစ်ပေးရာမှာ လည်း စည်းလွတ်ဝါးလွတ်ဖွင့်လှစ်ပေးခဲ့ခြင်း မဟုတ်ပေ။ အသိပညာရှင်အတတ်ပညာရှင်များနှင့်တိုင်ပင် ညှိနှိုင်းပြီးပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးဝန်းကြီးဌာန၊နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့၏လက်အောက်၌ထားရှိပြီး၊တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့၊ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်၊မော် ကွန်းထိန်း၊ နာယကပါမောက္ခ၊ ဌာနမှူး၊ ကထိက၊ နည်းပြ၊ပြင်ပပညာရှင်စသည်တို့ဖြင့် ဖွင့်လှစ်ပြီးသင် ကြားစေခဲ့ခြင်းဖြစ်ပါသည်။

တက္ကသိုလ်ကြီးနှစ်ခုကို တည်ထောင်ဖွင့်လှစ်ပေးတော်မူခဲ့သောဆရာတော်ကြီး၏ ရည်ရွယ်ချက်မှာ မျက်မှောက်ခေတ်ပညာရေးတွင် အဆင့်အတန်းမြင့်မားသော သာသနာပြုရဟန်းတော်များပေါ်ထွန်းလာစေ ရန်နှင့်ကျယ်ပြန့်သော ပညာကွန်ယက်ကြီးတွင်မြန်မာ့အရေး၊ ကမ္ဘာ့အတွေး၊မြန်မာ့အမြင်၊ ကမ္ဘာအထင် များကို ပိဋကတ်တော်လာအကြောင်းအရာများနှင့်တိုက်ဆိုင်ဆန်းစစ်သုံးသပ်တတ်သော ညာဏ်မျက်စိ ပွင့်လင်းပြီး မြတ်ဗုဒ္ဓဒေသနာတော်များကိုကမ္ဘာအရပ်ရပ်သို့ဖြန့်ဝေပေးနိုင်ရန်အတွက် ဖြစ်သည်။

ယနေ့မျက်မှောက်ခေတ်တွင် ကမ္ဘာအရပ်ရပ်ရှိ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်များသည် မိမိတို့ကိုးကွယ်ယုံကြည်သော ဘာသာအယူဝါဒများကိုရေဒီယို၊ ဂြိုဟ်တု၊ အီးမေးလ်၊ အင်တာနက် စသည့်စာမျက်နှာတို့အပေါ်၌နည်းမျိုးစုံ၊ အသွင်မျိုးစုံတို့ဖြင့်ဖော်ပြနေကြပြီဖြစ်သည်။ ထို့ကြောင့်ထေရ ၀ါဒမြန်မာရဟန်းတော်များအနေဖြင့်မြတ်ဗုဒ္ဓ၏ဓမ္မများကိုလေ့လာသင်ကြားရာ၌စနစ်ဟောင်းကြီးထဲ၌ရောင့်ရဲ ၍နေရန် မသင့်တော့ပေ။

အခြားဘာသာများက မိမိတို့၏ဘာသာအယူဝါဒများကို အင်တာနက်စာမျက်နှာပေါ်၌ဖော်ပြနေချိန်မှာ မိမိတို့ထေရ၀ါဒရဟန်းတော်များအနေဖြင့်ရေတွင်းနှုတ်ခမ်းပေါ် အုန်းသီးခေါင်းခုအိပ်ပြီး စာကျက်၊ စာအံ လုပ်နေရတော့မည့် အချန်အခါမဟုတ်တော့ချေ။ မိမိတို့ထေရ၀ါဒရဟန်းတော်များသည်မြတ်ဗုဒ္ဓ၏ဓမ္မများ ကိုခေတ်မီနည်းစနစ်များဖြင့်ဖြန့်ဝေပေးရန် အချိန်ကြရောက်နေပြီဖြစ်ပါသည်။ ဒုံးပျံများ၊မော်တော်ကား များဖြင့်မြေပြင်ဝေဟင်မှာ ပျံသန်းနေချိန်တွင်မြန်မာပြည်သားထေရ၀ါဒရဟန်းတော်များ အနေဖြင့်လှည်း အိုကြီးကိုသာ တအိအိမောင်းမနေသင့်တော့ကြောင်း ရေးသားတင်ပြ အပ်ပါသည်။ ။


{မန္တလေးတိုင်း၊သာစည်မြို့နယ်၊သာဂရကျေးရွာ၊အုဋ္ဌ်တိုက်ကျောင်းတွင်ကျင်းပသောအရှင်နန္ဒ၀ံသ(သာစည်)၏ ဂုဏ်ပြုပွဲမှတ်တမ်းစာဆောင်တွင်ရေးသားသော ဆောင်းပါးကို ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်}



နှစ်သစ်မှာ ပျော်ရွှင်ခြင်းများနှင့်အတူ လူသားအားလုံး အောင်မြင်သော ဘ၀ခရီးပန်းတိုင်သို့တက်လှမ်းနိုင်ကြပါစေဟု ဆုမွန်ခြွေလျက် ...

အရှင်တိလောက(ခရမ်း)

အိန္ဒိယစံတော်ချိန်ည ၁၂း၀၀နာရီမှာ ဟက်ပီးနယူးယီးယားကိုကြိုဆိုသောအားဖြင့်ဤပို့စ်ကိုတင်ပါသည်


ရင်တွင်းဖြစ်



စာရေးသူသည် နယူးဒေလီတက္ကသိုလ်တွင် 2010/2011 M.A ပထမနှစ်စာမေးပွဲဖြေပြီး သဖြင့်မြန်မာနိုင်ငံ သို့ခေတ္တခဏပြန်ရောက်ခဲ့ပါတယ်။ ထိုသို့ပြန်ရောက်ချိန်မှာ စာရေးသူနဲ့ဒကာဒကာမများက စာရေးသူနဲ့ ညီကိုဝမ်းကွဲတော်စပ်သောနောင်တော်ကြီးက တည်ထောင်တဲ့ ပဲခူးတိုင်း၊ က၀မြို့နယ်၊ညောင်ပင် ရွာကျေးရွာ၊ ရွာလယ်ကျောင်းတွင် ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ အလယ်တန်း အထိသင်ရိုး ညွှန်းတမ်းနဲ့သက်ဆိုင်သော ဆရာကိုင်စာအုပ်များကို ယင်းကျောင်းအတွက်ပေးလှူခဲ့ ပါတယ်။ စုစုပေါင်းတန်ဖိုးမှာ ကျပ်၁သိန်းကျော်ဖိုးခန့်ရှိပါတယ်။ 

နောက်ထပ်တစ်ဖန် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကမာကလူ/ကမာကယာကျေးရွာများရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် လှူဒါန်းရန်စီစဉ်ဖြစ်ကြပါတယ်။ ယင်းကျောင်းများကို ဖုံးဆက်ပြီးလိုအပ် တဲ့ကျောင်း သုံးစာအုပ်များကိုမေးမြန်းလျှောက်ထားတဲ့အခါဆရာတော်များကဗလာစာအုပ်နဲ့ဘော့ပင်သာလိုအပ်ကြောင်း သာပြောသဖြင့် စုစုပေါင်း ၂သိန်းဘိုးခန့်လှူဖြစ်ခဲ့တယ်။ ထိုအလှူများမှာ စာရေးသူက မိမိရဲ့ပညာသင်စရိတ် ထဲမှ ၁သိန်းမတည်၍ ဒကာဒကာမများ၏စုပေါင်းအလှူနဲ့ လှူဒါန်းခြင်းဖြစ်ပါတယ်။


 ယင်းကျောင်းမှာ စာရေးသူကိုမွေးဖွားပေးလိုက်သောကျောင်းဖြစ်ပါတယ်။ စာရေးသူ၏ ငယ်ဆရာဖြစ်သော ဆရာတော်ဘဒ္ဒန္တနန္ဒ၀ံသတည်ထောင်ခဲ့သောကျောင်းများဖြစ်ပါတယ်။ ဆရာတော်က သက်တော်(၈၉)နှစ် မှာ ပျံလွန်တော်မူခဲ့ပါပြီ။ တပည့်အကြီးဆုံးက ဆက်လက်တာဝန်ယူနေခြင်းဖြစ်ပါတယ်။ ဆရာသမားများ နဲ့ဆွေမျိုးများထံ မရောက်ဖြစ်တာလည်း (၁၂)နှစ်ကျော်ပြီဖြစ်လို့ ဆရာသမားများကိုကန်တော့ရင်း ကိုယ်တိုင်ပဲ သွားလှူခဲ့ပါတယ်။ စာရေးသူနဲ့အတူပါဝင်လှူဒါန်းသော ဒကာဒကာမများကလည်းတော ကိုရောက်ဖူးချင်သဖြင့် စာရေးသူနှင့်အတူ လိုက်ပါခဲ့ကြပါတယ်။ ဆရာတော်ထံသို့ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများကိုပေးအပ်လှူဒါန်းခဲ့ပါတယ်။ကျောင်းသူ/သား(၂၀၀)ကျော်ခန့်ရှိ ပါတယ်။ 

မူလွန်ကျောင်းဆိုတော့(၇)တန်းအထိဆရာတော်နဲ့အတူဦးဇင်းတစ်ပါး၊ ဆရာမလေးယောက် စုစုပေါင်းဆရာ အင်အားခြောက်ဦးဖြင့်သင်ကြားပေးနေတာကိုတွေ့ရှိရပါတယ်။ကျောင်းသူကျောင်းသူကျောင်းသားအများစုက ဆင်ရဲနွမ်းပါးပြီးအစိုးရမှဖွင့်လှစ်ထားသော အလယ်တန်းကျောင်းကိုကျောင်းအပ်မပေးနိုင်သော ရွာသူရွား သားများရဲ့သားသမီးများနဲ့ရွာနီး ပတ်ဝန်းကျင်မှခလေးငယ်များဖြစ် ကြပါတယ်။ 


ဆရာတော်က စာရေးသူအား“ငါ့မှာ ဆရာမလေးယောက်ကို လစာပေးငှားထားရတယ်ကွာ၊ ငါ့ရရှိတဲ့ အလှူငွေလေးကို ပဒေသာပင်စိုက်ထားရတယ်၊ အဲ့ဒီက ရတဲ့ငွေနဲ့ပဲသူတို့ကို လစာပေးရတယ်”လို့ မိန့်ကြားခဲ့ ပါတယ်။ သူတို့ပေးတဲ့လစာက တစ်ယောက်ကသုံးသောင်း၊နှစ်ယောက်ကနှစ်သောင်းခွဲ၊ တစ်ယောက် ကနှစ်သောင်းပေးတယ်လို့သိခဲ့ရပါတယ်။ စာရေးသူက ဆရာမတွေကို ပေးတဲ့လာစာ တွက်ကြည့်မိပါတယ်၊ သုံးယောက်ပေါင်း တစ်လတစ်သိန်း၊ တစ်နှစ်ကို (၁၂)သိန်း၊  ဖြစ်ပါတယ်။ ဒီဘုန်းကြီးကုန်ကျစရိတ်ကလည်း မသေးပါလား၊ ရွာဂေါစရဂါမ်က တစ်နှစ်လုံးပေါင်းလို့ ဘုန်းကြီးရတဲ့သာရေးနာရေးအလှူငွေက စာရေးသူတို့ ငယ်ငယ်ကဆို တစ်သိန်းပြည့်အောင်ပင်မရရှာ၊ ရပ်ရွာရဲ့စီးပွားရေးက လယ်လုပ်ငန်းလောက်သာ အဓိကရှိတာ တစ်ခြားစီးပွားရေးမယ်မယ်ရရမရှိတာကို စာရေးသူအသိဆုံးဖြစ်ပါတယ်။ 

ဘုန်းကြီးခများလည်း ရွာသူရွာသားတွေရဲ့သာသမီးများ အသိပညာအတတ်ပညာထွန်းကားရေး အတွက်နေရင်းထိုင်းရင်းချစ်တီဖြစ်နေရရှာတယ်။ သူခမျာကုမ္မဏီမရှိ၊ လယ်ယာလုပ်ငန်းမရှိနဲ့ ရသမျှ အလှူငွေလေးကို တိုးပွားအောင်ပဒေသာပင်စိုက်ပြီး ဆရာမတွေကိုလစာပေးပြီး ခလေးတွေစာသင်ခိုင်းနေ တယ်။ ဆရာမတွေရတဲ့လစာကလည်းမက်လောက်စရာပါပဲ၊ သူတို့ကလည်း ဆရာတော်ကိုကြည်ညို လွန်းလို့သာ လုပ်အားပေးတစ်ဝက်နဲ့လစာယူနေကြရတာပါ၊ ဆရာမလေးယောက်က ၃ယောက်ကဘွဲ့ရ၊ ၁ယောက်က ၁၀တန်းဖြစ်တယ်။ စိတ်ထဲလည်းတွေးမိပါတယ်၊ ဒီဘုန်းကြီး လူဘ၀မှာနေပြီးအိမ်ထောင် သားမွေးပြုရင် ဒီလောက်များတဲ့ခလေးတွေကိုကျောင်းထားပေးရမှာမဟုတ်ဘူး၊ အခုတော့ ဘုန်းကြီးဝတ်မိလို့ တစ်ရွားလုံးအပြင် ရွားနီးပတ်ဝန်းကျင်က ပါဝင်တဲ့သားသမီး(၂၀၀)ကျော်ကိုကျောင်းထားပေးနေ ရတယ်လို့တွေးမိတယ်။ 

လူ့ဝတ်ကြောင်ဘ၀မှာဆိုရင်တောသားမို့လို့လျှော့လျှော့ပေါ့ပေါ့အလွန်ဆုံး ခလေးငါးယောက်ပေါ့။ သူတို့ခေတ်က ငါးယောက်တော့ ဖြစ်နိုင်လောက်ပါတယ်၊ ကျောင်းဘေးကဒကာဆိုရင် သူထက်ငယ်တယ်၊ ၁၁ယောက်ရှိတယ်၊ ဒါတောင် ၂ယောက်ကပျက်ဆီးသွားသေးတယ်။ ထားပါတော့ စာရေးသူရဲ့ အတွေးလေးကို ကိုးကားပြတာပါ။  အခုတော့ ခလေး(၂၀၀)ကျော် ကိုကျောင်းထားပေးဘို့အတွက် သူမှာရှာဖွေနေရတယ်၊ မတွေ့တာကြာလို့ ဘုန်းကြီးသက်တော်ကိုမေးလိုက်တော့ (၇၀)ကျော်နေပြီ၊ ရပ်ရွာဖွံ့ဖြိုးရေးအတွက် သာသနာပြုနေစဲပါပဲ။ 

စာရေးသူနဲ့အတူပါလာတဲ့ ဒကာ/မများက ပဒေသာပင်တွေစိုက်ခဲ့ကြပါတယ်။ အဲ့ဒီကနေနောက်တစ်ကျောင်း ကူးပြီးသွားလှူပါတယ်၊ ကမာကယာကျောင်းပါ ကမာကလူရဲ့လက်အောက်ခံရွာလေးပေါ့၊ကျောင်းသား (၁၀၀)ကျော်လောက်ရှိတယ်၊ သူလဲပဲရွှေမန်းတင်မောင်သီချင်းလိုပါပဲ၊ “ကျွန်တော်လည်း ထိုနည်း လည်းကောင်း”ပေါ့၊ ဆရာတော်အပါအ၀င် ၉-တန်းအောင်၊ ၁၀တန်းကျဆရာမ(၂)ယောက်နဲ့ရုံး ကန်နေကြရပါတယ်။ မူလတန်းအဆင့်ထိပဲရှိပါတယ်။ လှူစရာရှိတာများကိုလှူပြီး အဲ့ဒီနေ့ညနေပိုင်းမှာပဲ စာရေးသူတို့အဖွဲ့ ပြန်လာခဲ့ပါတယ်။

 စာရေးသူတို့ခရမ်းမြို့ကနေစထွက်တော့ ညနေလေးနာရီကျော်နေပါပြီ၊ စာရေးသူတို့ကို သယ်ဆောင်လာတဲ့ (တောင်းအေ့စ်)ကားလေးဟာ ခရမ်းမြို့ပေါ်ကနေပြီး ခရမ်း၊ သုံးခွ၊ သံလျင်၊ ရန်ကုန်သွားတဲ့ကားလမ်းအတိုင်း မြို့အပြင်ထွက်တယ်ဆိုရင်ပဲ စိမ်းစိုသောလယ်ကွင်းပြင်များကိုတွေ့မြင်ရပါတယ်။ ရာသီဥတုက မိုးဥတုဆိုတော့ မိုးရွာထားလို့ သစ်ပင်း၊ ၀ါးပင်းတွေနှင့်အတူ လယ်ကွင်းပြင်များက စိမ်းစိုလို့နေပါတယ်။ လယ်သမားတစ်ချို့လယ်ကွင်းကနေပြီးအိမ်ပြန်လာတာကိုတွေ့ရတယ်။ ကောက်စိုက်သမတစ်အုပ်က တေးသီ ချင်းကိုသီကျူးရင်း အိမ်ပြန်လမ်းကို ဦးတည်နေကြတယ်။ ညဥ့်ငှက်တို့က အိပ်တန်းပြန်နေကြပြီ၊ စာရေးသူရဲ့ရင်းထဲမှာ ပန်းချီဆရာတစ်ဦးကခြယ်သထားတဲ့တောအလှပန်းချီကားတစ်ချပ်ကို ကြည့်ရှုနေရ သကဲ့သို့ ရင်ထဲမှာခံစားနေမိပါတယ်။ ဒီမြင်ကွင်းတွေက စာရေးသူနဲ့ကင်းကွာနေတာ ဆယ်နှစ်ကျော်နေပါပြီ၊ လယ်ကွင်းပြင်များကိုငေးမောနေစဉ်လေပြေလေညင်းတစ်ခုကကောက်ပင်ရနံ့တို့ကိုသယ်စောင်ပြီး စာရေးသူ ကိုဖြတ်တိုက်သွားခဲ့တယ်။ စာရေးသူလည်းကောက်ပင်ရနံ့တွေနဲ့အတူ သန့်ရှင်းလတ်ဆက်သော သဘာဝလေကို အားပါးတရရှူရှိုက်လိုက်မိတယ်။ 

စာရေးသူရဲ့ဒကာမက ဦးဇင်းလေး ကားမှန်တင်လိုက်ပါလား၊တော်ကြာအအေးပတ်ပြီး ဖျားနေဦးမယ်လို့ ကားနောက်ခန်းကနေပြီး သတိပေးရှာတယ်၊ စာရေးသူကတော့ ကားကူရှင်ကိုမှီပြီးကောက်ပင်ရနံ့တို့ကို ရှူရင်းလိုက်ပါခဲ့တယ်။ လယ်ကွင်းတွေကို မျက်စိတစ်ဆုံးငေးမောကြည့်ရင်း ပျံလွန်တော်မူသွားသော ငယ်ဆရာရဲ့မျှော်လင့်ချက်တွေနဲ့အတူ ဆရာပြောခဲ့တဲ့စကားလေးတစ်ခွန်းကိုပြန်လည် လို့ကြားယောင်နေ မိတယ်။ စာရေးသူအပါအ၀င် ရွယ်တူ တပည့်အပါး(၂၀)ကို စာချပေးရင်း “မင်းတို့ထဲက ငါလိုပုဂ္ဂိုလ် ငါးပါးလောက်ပေါ်လာရင်တော်ပါပြီတဲ့” အခုတော့ ဆရာတော်ရဲ့မျှော်လင့်ချက်က ကျန်တဲ့ညီနောင်များလဲ အမြင်မှန်ရလို့ ကာမတောမှာပျော်မွေ့နေကြကုန်ပြီ၊ စာရေးသူတစ်ဦးသာလျှင် မိုက်မိုက်ကန်းကန်းနဲ့ အိန္ဒိယနိုင်ငံကိုပညာသင်တဲ့အထိ ရောက်လာခဲ့ပါတယ်။ 

M.A ပထမနှစ်  စီမီစတာ-၂မှာလေ့လာရတဲ့သမိုင်းဘာသာရပ်မှာ ဗီယက်နမ်နိုင်ငံက မဟာ ယာနဗုဒ္ဓဘာသာဝင်သီလရှင် မာစတာချင်ယန်းရဲ့ဖောင်ဒေးရှင်း၁၀ခုအနက် ပညာရေးဖောင်းဒေးရှင်း တစ်ခုပါတာကိုတွေ့ရတယ်။ မဟာယာနတွေ ပရဟိတတွေလုပ်ကြတာကို အားကျစရာအဖြစ် သမိုင်းမှတ်တမ်းမှာတွေ့ရတယ်။ ငါ့တို့ထေရ၀ါဒမြန်မာနိုင်ငံမှာလဲ ရှိတော့ရှိတယ်နည်းသေးတယ်၊ ငါတို့မြန်မာရဟန်းတော်တွေ ပရဟိတလုပ်ငန်းတွေများများလုပ်ဘို့လိုအပ်တယ်လို့ စိတ်ထဲမှာဖြစ်ပေါ်လာ ခဲ့တယ်။  ဒါကြောင့် ကားပေါ်မှာအတွေးနဲ့ဖောင်းဒေရှင်းတစ်ခုချခဲ့မိတယ်။ဖောင်ဒေးရှင်းရဲ ဥက္ကဋ္ဌ၊ အကျိုးဆောင်၊ငွေကိုင်း၊ အဖွဲ့ဝင်စသည်ကိုရွေးချယ်တင်မြှောက်လိုက်တယ်၊ တာဝန်အားလုံးက အရှင်တိလောကတစ်ပါးတည်းပါပဲ၊ ဒီလောက်လူအင်းအားကောင်းတဲ့ဖောင်ဒေးရှင်းအတွက်ဘဏ္ဍာငွေရှာဖွေ ဘို့ စတင်လိုက်တယ်၊ စာရေးသူရဲ့ညာဘက်လက်တစ်ဖက်ကပေါင်ပေါ်မှာတင်ထားတဲ့လွယ်အိပ်ထဲ ကိုရောက်သွားတယ်၊ ငွေတစ်သိန်းအုပ် ၂ထုပ်ပါလာတယ်၊ ဒကာမလက်ထဲကို ဘဏ္ဍာငွေရှာဘို့အတွက် အပ်လိုက်ပါတယ်။ ဒကာမက ဦးဇင်းလေး မုန့်ဖိုးပေးတာလားဆိုပြီးနောက်လိုက်ပါသေးတယ်။ စာရေးသူက ရည်ရွယ်ချက်ကိုပြောပြလိုက်တယ်၊ လိုက်ပါလာတဲ့ ဒကာ/မတွေအားလုံးက ဦးဇင်းလေးလုပ်ရင် တပည့်တော် တို့လဲလှူမှာပေါ့ဆိုပြီး ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုသုံးကြိမ်ခေါ်လို့ အားပေးကြပါတယ်။ 

နှစ်စဉ်နှစ်တိုင်းကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာများလှူဒါန်းနိုင်ဘို့အတွက် ဒကာမလက်ထဲကို ငွေ၂သိန်း မတည်ငွေအဖြစ်နဲ့အပ်နှံထားလိုက်တာပါ၊ ငယ်ဆရာကိုကျေးဇူးဆပ်သောအနေအားဖြင့် ရပ်ရွာနဲ့ ပတ်ဝန်းကျင်က ကလေးတွေအတွက် ပညာရေးမှာတတ်အားသရွေ့ထောက်ပံ့သွားမယ်လို့ ဆုံးဖြတ်ချက် နဲ့အတူ စာရေးသူရဲ့အနာဂါတ်သာသနာပြုလုပ်ငန်းအတွက်လည်း စတင်ပြီးဖောင်ဒေးရှင်းချလိုက်တာပါ။ ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင်စသည်တို့က သဘောတူရွေးချယ်လိုက်တဲ့ဖောင်းဒေရှင်းနာမည်က “တိလောက ပညာရေးဖောင်ဒေးရှင်း”တဲ့၊ ဒီဖောင်ဒေးရှင်းလေးက စာရေးသူရဲ့ရင်တွင်းဖြစ်ဖောင်ဒေးရှင်းလေးတစ်ခုပါ။ အစည်းအဝေးအပြီးမှာ ပီတိအပြုံးနဲ့ တီးခက်လိုက်တဲ့ ရင်ထဲကလက်ခုသြဘာသံကို ကားနောက်ခန်းမှာလိုက် ပါလာတဲ့ ဒကာမတွေ ကြားလိုက်မိဟန်မတူချေ……။



(ဤဆောင်းပါးဖြင့် ဘ၀နတ်နန်းကြွမြန်းသွားသောကျေးဇူးရှင်ဆရာသမားအားပူဇော်ကန်တော့လိုက်ပါတယ်၊ တပည့်မှာ မလိမ္မာမိုက်မဲမိခဲ့တဲ့ အပြစ်များရှိခဲ့ပါက တမလွန်ဘ၀မှနေပြီး သီးခံခွင့်လွှတ်ပေးပါဘုရား)



 ယမုံနာလွင်ပြင် ဖန်းတီးရှင်
အရှင်တိလောက(ခရမ်း)
20.12.2011
 မြန်မာစံတော်ချိန် 03း03 am


ကျောင်းသုံးစာအုပ်နှင့်စာရေးကိရိယာများလှူဒါန်းစဉ်က မှတ်တမ်းဓာတ်ပုံများ

ကမာကလူကျောင်းဆရာတော်
  
 ပူဇော်လှူဒါန်းကန်တော့ခန်း(၁)

 ပူဇော်လှူဒါန်းကန်တော့ခန်း(၂)

 လှူရန်ဝတ္ထု ဆက်ကပ်မှု(၁)

 လှူရန်ဝတ္ထု ဆက်ကပ်မှု(၂)

 ဆက်ကပ်လှူဒါန်း နေ့လည်ဆွမ်း( စာရေးသူ၏ ယောက်ဖတော်နှင့် အစ်မတော်)

 ဆရာတော်နှင့်စာရေးသူ

 ကမာကယာကျောင်းဆရာတော်
 
ဆရာတော်နှင့်စာရေးသူ

  လှူရန်ဝတ္ထု ဆက်ကပ်မှု(၃)

  လှူရန်ဝတ္ထု ဆက်ကပ်မှု(၄)

 လှူရန်ဝတ္ထု ဆက်ကပ်မှု(၅)
 

စာရေးသူတို့၏ ရွာသူရွားသားများ သုံးသောက်သုံးရေကန်တော်ကြီး



 
ကမာကလူဘုန်တော်ကြီးသင်(မူလွန်)ကျောင်းနှင့်ကမာကယာဘုန်းတော်ကြီးသင်မူလတန်းကျောင်းတို့၏ သမိုင်း

တည်နေရာနှင့်တည်ထောင်သူ

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကမာကလူကျေးရွာအုပ်စုတွင်တည်ရှိပါသည်။ ခရမ်းမြို့၏အနောက် ဘက်ခြမ်း၊ မြို့နှင့်ခုနှစ်မိုင်းခန့်အကွာတွင် တည်ရှိပါသည်။ တည်ထောင်သူမှာကမာကလူကျောင်းဆရာတော် ဘဒ္ဒန္တနန္တ၀ံသပင်ဖြစ်ပါသည်။ ကမာကလူကျောင်းမှာကျေးရွာသူ/သားတို့၏အစဉ်အဆက်ကပါဝင်လှူဒါန်း ခဲ့ခြင်းဖြစ်ပါသည်။ ကမာကယာကျောင်းမှာ ကမာကလူနှင့်၁မိုင့်ခန့်အကွာတွင် တည်ရှိပြီး၊ ၁၃၄၂-ခုနှစ်တွင် ရွာခံဒကာ/မများဖြစ်ကြသည့်ဒေါ်သောင်း၊ ဦးသိန်းလူပျိုကြီးမောင်နှမကကျောင်းတည်ဆောက် လှူဒါန်း ခဲ့ခြင်း ဖြစ်ပါသည်။

လှုပ်ရှားမှု

ဆရာတော်ဘဒ္ဒန္တနန္တ၀ံသ၏ ဦးဆောင်မှုဖြင့် ၁၃၃၃-ခုနှစ်(၁၉၇၁-ခုနှစ်၊ ဇွန်လ)မှစတင်၍ လူမှုဝန်ထမ်းစေ တနာမူလတန်းကျောင်းကို စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ကျောင်းသားဦးရေ (၈၀)ကျော်ခန့် ရှိခဲ့ပြီး၊ လူမှုဝန်းထမ်းဌာနမှလည်းလာရောက်ကြည့်ရှုပြီးထောက်ပံ့အားပေးခဲ့ပါသည်။သင်ကြားမှုမှာလည်းအောင်မြင် မှုများရရှိခဲ့ပါသည်။


၁၃၅၅-ခုနှစ်၊ ပထမ၀ါဆိုလဆုတ်(၁၁)ရက်၊(၁၄.၀၇.၁၉၉၃)ရက်နေ့တွင် လူမှုဝန်ထမ်းစေတနာမူလ တန်းကျောင်းမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အဖြစ်သို့ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ ပျံလွန်တော်မူပြီးနောက် တပည့်အကြီးဆုံးဖြစ်သော ယခုလက်ရှိဆရာတော် ဘဒ္ဒန္တညာဏ၀ံသ ကကျောင်းတိုက်တာဝန်ကို (၂၀၀၀)နှစ်မှစပြီး ဆရာ့အမွေကို ဆက်လက်တာဝန်ယူခဲ့ပါသည်။ ဆရာတော်က (၂၀၀၅) ခုနှစ်၊ ဇွန်လတွင် မူလတန်းလွန်ကျောင်း(မူလွန်ကျောင်း)အဖြစ်သို့ ထပ်ဆင့်တိုးပြီး ဖွင့်လှစ်ခဲ့ပါ သည်။ကျောင်းသားဦးရေ (၆၀)ကျော်အား ရဟန်းတော်(၄)ပါး၊ ဆရာမ(၂)ဦးတို့ဖြင့် သင်ကြားပေးခဲ့ပါသည်။ ၂၀၁၁/၂၀၁၂-ပညာသင်နှစ်တွင် သူငယ်တန်းမှ သတ္တမတန်းအထိကျောင်သူ/သားဦးရေး(၂၀၆)ယောက်တို့ အားရဟန်းတော်(၂)ပါး၊ဆရာမလေးဦးတို့ကသင်ကြားပေးလျက်ရှိပါသည်။ ကမာကယာကျေးရွာ ဘုန်းတော် ကြီးသင်ကျောင်းမှာကျောင်းသားဦးရေ(၁၀၀)ကျော်တို့အား ရဟန်းတော်(၁)ပါး၊ ဆရာမ(၂)ဦးတို့ဖြင့် သင်ကြားပေးလျက်ရှိပါသည်။

စာကြွင်း… 

ယခုလက်ရှိကမာကလူကျောင်းဆရာတော် ဘဒ္ဒန္တညာဏ၀ံသမှာ ဆရာတော်ဘဒ္ဒန္တနန္ဒ၀ံသ သက်တော်ထင် ရှားရှိစဉ်က ကမာကယာကျောင်းကို တာဝန်ယူရပါသည်။ လက်ရှိကမာကယာကျောင်းကို တာဝန် ယူနေသော ဆရာတော်ဘဒ္ဒန္တသုဇာတမှာ ဆရာတော်ဘဒ္ဒန္တနန္ဒ၀ံသ၏အနီးနေတပည့်ကြီးအဖြစ်ဖြင့် ကမာက လူကျောင်းကို ဆရာတော်နှင့်အတူတာဝန်ယူပေးရပါသည်။ စာရေးသူတို့စတုတ္ထတန်းသို့ရောက်သောနှစ် တွင် အုပ်ချုပ်ပုံစည်းမျဉ်းအပြောင်းအလွှဲကြောင့်နှစ်အတော်ကြာ စာမေးပွဲဖြေဆိုခွင့်ရပ်နားခဲ့ရပါသည်။ ထိုသို့ ရပ်နားထားသော်လည်း ဆရာတော်ကြီးကလောကီလောကုတ္တရာစာပေများကိုကျောင်းသား(၁၀၀)ကျော်နှင့် ရဟန်းတော်အပါး(၂၀)၊ သာမဏေအပါး(၄၀)၊ညအိပ်ကျောင်းသား(၁၀)ကျော်တို့အားသင်ကြားပေးလျက်ရှိခဲ့ ပါသည်း။   ။



မှတ်တမ်းပြုစုသူ
ယမုံနာလွင်ပြင်ဖန်တီးရှင်
အရှင်တိလောက(ခရမ်း)
၂၈. ၁၂. ၂၀၁၁(ဗုဒ္ဓဟူးနေ့)
 မြန်မာစံတော်ချိန်ညနေ ၀၅း၄၅


ကမာကလူ/ကမာကယာဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်များ
























Monday 26 December 2011

ဟင်းကောင်းတစ်ခွက်

စာရေးသူရဲ့ စာဖတ်ပရိတ်သတ်တစ်ဦးက ဦးဇင်းစာတွေက အရမ်းတိုလွန်းတယ်တဲ့၊ သူက စာကိုရှည်ရှည် ဖတ်ချင်တယ်ထင်ပါရဲ့ ဒါမှမဟုတ် စာရေးသူရေးတဲ့စာတွေကို ဖတ်ရတာ အားမလိုအားမရဖြစ်တာလဲဖြစ် မယ်ထင်ပါတယ်။ စာရေးသူရဲ့ဘလော့က ရက်သားလေးပဲရှိသေးသလို စာရေးသူကိုယ်တိုင်က စာကိုအခုမှ သူငယ်ချင်းတွေတိုက်တွန်းလို့ စပြီးရေးကာစပဲရှိပါသေးတယ်၊ သာသနာ့တက္ကသိုလ်တက်တုံးကနောက် ဆုံးနှစ်မှာ သုတေသနစာတမ်းတစ်စောင်နဲ့သူငယ်ချင်းတစ်ပါးရဲ့ဂုဏ်ပြုပူဇော်ပွဲမှာဆောင်းပါးတစ်ပုဒ်ပဲရေး ဖူးခဲ့တာပါ၊ ဒါတောင် ကိုယ်ကဒီပူဇော်ပွဲရဲ့အကျိုးဆောင်သဖွယ်စီစဉ်ပေးရမှာဖြစ်တဲ့အတွက် (န.ပ.သ)မန်း ရဲ့လက်ထောက်မော်ကွန်းထိန်းဆရာတော် နာမည်တော့ထည့်မပြောတော့ပါဘူး၊ ကလောင် နာမည်မောင်ထက်အောင် (မန္တလေး)က မောင်ရင်လဲရေးဦးလေ၊ မရေးလို့ဘယ်ဖြစ်မလဲ၊ ဒီပူဇော်ပွဲစာအုပ်နဲ့ ပူဇော်ပွဲကြီးတစ်ခုလုံးကို ဒါရိုက်တာလုပ်ပြီးမောင်ရင့်စာလေးမှမပါးရင် ဘယ်အဓိပ္ပါယ်ရှိမလဲဆို လို့ ကြောက်ကြောက်နဲ့ရေးလိုက်တာဆောင်းပါးတစ်ပုဒ်တော့ဖြစ်သွားတယ်။ 

ရွာမှာပူဇော်ပွဲကျင်းပတော့ ပူဇော်ပွဲမှတ်တမ်းစာအုပ်ကလေးက ပူဇော်ပွဲလာသူမိတ်သဟာများရဲ့လက်ထဲမှာ ကိုယ်စီကိုယ်စီကိုင်လို့ပေါ့၊ တစ်ချို့လဲတစ်ကယ်ဖတ်တယ်၊ တစ်ချို့လဲ အလကားရလို့ယူထားတာ၊ သိတယ်မို့လား တောသားများက ပိုက်ဆံများမပေးရရင် လမ်းဘေးကရေအိုစင်တောင်ဝင်သောက်ကြတာ သူတို့အကျင့်၊ ရှူး…တိုးတိုး ကိုယ်လဲတောကပါပဲ သူများကြားသွားဦးမယ်။ ကိုယ်က ပရင်စီတာဆိုလား၊ ဒါရိုက်တာဆိုလား သူတို့အရပ်ထဲပြောနေတဲ့စကားအရပေါ့၊ အခန်းအနားမှူးလုပ်ရတာတော့သေ ချာတယ်၊တောမှာသွားပြီး  လူတွင်ကျယ်လုပ်နေတာ တစ်ချို့ကလည်း ဒီစာကအဲ့ဒီဦးဇင်းရေး တာပေါ့၊ဆောင်းပါးလား၊ ၀တ္ထုတိုလား၊ ၀တ္ထုရှည်လား သူတို့မသိ၊ရေးတဲ့သူက အခန်းအနားမှူးဆိုတာကို သိကြတယ်။ ဘာရယ်မဟုတ်ပဲ ကိုယ်ရေးတဲ့ဆောင်းပါးလေးကိုလူတိုင်းဖတ်ဖြစ်ကြတယ်။ ရွားထဲက စာဖတ်ဝါ သနာပါတဲ့ သုံးလေးဦးလောက်ကတော့ စာရေးသူနဲ့စကားလာပြောရင်း အရှင်ဘုရား အဲ့ဒီစာအုပ် ထဲက ၀တ္ထုတိုလေးတစ်ပုဒ်ရယ်၊ ဦးဇင်းရေးတဲ့ဆောင်းပါရယ် လူတော်တော်များများကြိုက်ကြတယ်ဘုရား။ အင်း..နည်းနည်းတော့လဲ ဘ၀င်မြင့်ချင်သလိုလိုဖြစ်လားတယ်၊ သူတို့က မြှောက်ပေးတာကိုး။ ထားပါတော့ စာရေးတာနဲ့ပတ်သက်ပြီး အတွေ့အကြုံနည်းပါးမှုကို စကားပလ္လင်ခံနေတာပါ။ လိုရင်းကိုပဲဝန်ခံပါရစေ စာရေးတဲ့အတွေ့အကြုံနုပါသေးတယ်၊ သူများရေးတာကိုဖတ်ပြီး အာဖြန်ရွှီးတာကတော့ မပြောပါနဲ့ န.ပ.သမှာ   ရင်နှီးတဲ့သူငယ်ချင်းများကလေတိတဲ့၊ တစ်ချို့ကလည်း ဗိုလ်တိတဲ့ခေါ်ကြတယ်။ အင်း… ကိုယ့်ရဲ့ဂုဏ်ပုဒ်တွေကတော့ ဘလော့ကာလုပ်ကာမှပဲပေါ်တော့မယ် ထင်တယ်။ စာဖတ်ပရိတ်သတ် ကတော့ ဗိုလ်တိလို့ခေါ်ရင် သိန်းငါးဆယ်ဆုပေါက်လို့ ဗိုလ်တိလဲသိန်းတစ်ထောင်ကို ဆယ်ကြိမ်ဆယ် ခါပေါက်ပါရစေ။

စာရေးသူရဲ့ခံယူချက်က စာရှည်တာတိုတာထက် လိုရင်းအဓိပ္ပါယ်ကိုထိထိမိမိရေးသား တင်ပြနိုင်ဘို့ပဲ လိုအပ်တယ်လို့ ထင်မိတယ်။ စာရေးသူတို့ နယူဒေလီတက္ကသိုလ်ရဲ့ စီမီနာတစ်ခုမှာ ပရော်ဖက်ဆာ တစ်ယောက်က အဲ့ဒီပွဲမှာစကားလုံးနည်းနည်းပဲပြောပြီး၊ သူရဲ့တင်ပြမှုကို ရပ်နားလိုက်တယ်၊ ဒါကိုအောက်က ပရော်ဖက်ဆာတစ်ယောက်က ထပြောတယ်၊ မင်းကမာစတာကြီးတစ်ယောက်လုပ်နေပြီးအောက်က လူတွေကိုပြောတဲ့ စပိ(speek)ကတိုတောင်းလှချည်လားလို့ဆိုပြီး ကွန်ပလိန်းတတ်တယ်။ ဒါကို အခုန စကားနည်းနည်းပဲပြောသွားတဲ့ ပရော်ဖက်ဆာကပြန်ပြောလိုက်တာ  “တန်ဖိုးကြီးပြီး အရသာနဲ့ပြည့် စုံတဲ့ဟင်းလျာဆိုတာ အများကြီးစားဖို့မလိုဘူး၊ နည်းနည်းစားလဲ လုံလောက်တယ်။ အဲဒီလိုပဲ ငါကမင်းတို့ကို တန်းဖို့ရှိတဲ့စကားလုံတွေပေးခဲ့တာပဲ”လို့ပြောပြီး စတိတ်စင်ပေါ်ကဆင်းသွားတယ်။ သူပြောတာမှန် ပါတယ်၊ဆေးစွမ်းတော့ တစ်စက်၊ အင်းစွမ်းတော့ တစ်ကွက်၊ ချဲသမားစကားနဲ့ပြောရမယ်ဆိုရင်လဲ ခွင်ကောင်းတော့ တစ်ပတ်တဲ့  ပရိတ်သတ်ရေ… 

စာရေးသူလဲ စပိနည်းနည်းပြောသွားတဲ့  ပရောဖက်ဆာစကားအတိုင်းပါပဲခံယူမိပါတယ်၊ ဒါပေမယ့် စာရေး သူရဲ့စာတွေက တန်းကြေးရှိတဲ့စာလို့ မခံယူပါဘူး။ စာရေးသက်တမ်း အားဖြင့်နုနယ်သေးတဲ့အတွက်ကြောင့် တိုနေတာလဲဖြစ်ပါတယ်။ ကိုယ့်ညာဏ် ကထွက်သလောက်အတွေးလေးကိုဖြစ်ညှစ်ပြီးရေးနေရတာပါ။ ဒီဘလော့ရဲ့ရည်ရွယ်ချက်ကလဲ မှတ်စုစာအုပ်အဆင့်မျှပဲရှိပါကြောင်းနှင့်ဘလော့ထဲမှာ ကိုယ်ပိုင်စာမျက်နှာ ရှိအောင် ကြိုးစားနေတဲ့အဆင့်မျှသာ ရှိပါသေးကြောင်း ၀န်ခံပါရစေ…

(ဘလော့အားဝင်ရောက်အားပေးသူများကို အမြဲလေးစားလျက်) 



….နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
ယမုံနာလွင်ပြင်ဖန်တီးရှင်
အရှင်တိလောက(ခရမ်း)
၂၇/၁၂/၂၀၁၁( အင်္ဂါနေ့)
မြန်မာစံတော်ချိန် ည(၁၂း၁၂)နာရီ

သံတိုင်ကြားကကျောက်စာ



စာရေးသူတို့ဒေလီကိုကျောင်းတတ်ဘို့၊ အားလုံး၁၀ပါးအဖွဲ့တစ်ခုဟာ အိန္ဒိယနိုင်ငံရဲ့အစိုးရရုံးစိုက်ရာ နယူးဒေလီမြို့တော်ကြီးသို့ (12. 07. 2010)ရက်၊ ည(11)နာရီခန့်မှာရောက်ရှိခဲ့ပါတယ်။ (Vijay Nagar DoubLe Story)ရပ်ကွပ်လေးမှာကျောင်းဂျွိုင်းပေးတဲ့ ဆရာတော်များက အိမ်ခန်းငှားပေးထားတယ်၊ အဲ့ဒီ ရပ်ကွက်လေးမှာနေပြီးကျောင်းအပ်ခြင်း၊ စတေးပါမစ်လုပ်ခြင်းစတဲ့ကိစ္စများက(၃)ရက်အတွင်းမှာ ပြီးသွားတယ်။ စီနီယာကျတဲ့ညီလေးတစ်ပါးက “နောင်ကြီးဒီညအိပ်ရေးဝအောင်းအိပ်ထား မနက်ကိုစောစောထမယ်နော်နောင်ကြီးတို့ကျောင်းမတတ်ရသေးဘူး၊ ရုံးကိစ္စတွေလဲပြီးပြီ၊ ညီိလေးတို့ အားလပ်နေတုံး ဆိုက်စီးပို့ပေးမယ်၊ နောက်ဆိုရင်မအားတော့လိုက်ပို့ပေးနိုင်မှာမဟုတ်ဘူး’’တဲ့….

နောက်ရက်မှာ သူပြောတဲ့ဆိုက်စီးထွက်ဖြစ်တယ်ဆိုပါတော့ ပထမဦးဆုံးပို့ပေးတာက (Akshardham Temple)ကမ္ဘာကျော်ဟိန္ဒူဘုရားကျောင်းကြီး တကယ့်ဧရာမကြီးပါ စိတ်ထဲမှာမနာလိုစိတ်တောင်ဖြစ်မိတယ်၊ ငါတို့ဗုဒ္ဓ ဘာသာဝင်တွေရဲ့ကျောင်းသာဖြစ်ခဲ့မယ်ဆိုရင်ကောင်းမှာပဲပေါ့၊ အ၀င်မှာဘော့ပင်ကအစစစ်ပါတယ်၊ မိုဘိုင်းဖုန်းယူဘို့ဆိုတာ မစဉ်းစားနဲ့၊ အတော်လေးခန်းနားထည်ဝါတာကိုတွေ့ရှိရပါတယ်၊ သူတို့ရဲ့ဘာသာတရားကို အထွဋ်အမြတ်ထားပေတယ်ဆိုပြီးလဲ စိတ်ထဲကနေ ဟိန္ဒူတွေကိုချီမွမ်းမိပါတယ်၊ စကျင်ကျောက်၊ သဲကျောက်တွေမှာ ကနုတ်ပန်းတွေထွင်းပြီးဆောက် ထားတာပါ။ အဲ့ဒီကပြီးတောနောက်တစ်နေ ရာဖြစ်တဲ့(LotusTemple)ဘာသာအားလုံးတို့ရဲ့ဝတ်ပြုဆုတောင်းရာကြာပန်းပုံဘာသာရေးကျောင်းလို့ဆိုရမှာ ပါ။နောက်ထပ်တစ်နေရာက ဘုရားရှင် မဟာသတိပဋ္ဌာနသုတ်ကိုဟောတော်မူခဲ့တဲ့နေရာ သတိပဋ္ဌာန်ကုန်း၊ အကျယ်အ၀န်းကပေ(၂၀၀)၀န်း ကျင်ခန့်ရှိမယ်လို့ ခန့်မှန်းရတဲ့ပန်းခြံလိုခြံဝင်းတစ်ခုထဲမှာတောင်ကမူ လိုကျောက်ဆောင်ခပ်မြင့်မြင့် တစ်ခုရဲ့အပေါ်ပိုင်းလောက်မှာ သံလှောင်အိမ်လေးတစ်ခုရှိတယ်၊ အပေါ်ကို တတ်သွားတော့၂ပေခွဲခန့်ကျောက်တုံးရဲ့ထိပ်ပိုင်းမှာဗြဟ္မဏီအက္ခရာ(Brahmi Script)ကိုအသုံးပြုပြီးပြာကရဇ်ဘာသာ (prakrit)နဲ့ရေးထိုးထားတာကို မှုန်းဝါးဝါးတွေ့ရတယ်၊သေသေချာဖတ်လို့တော့မရဘူး။ တည်နေရာက ယမုံနာမြစ်၊ သျှီနိဝါသပုရီအနီး၊ကောဏ္ဏဃတ် စိရ်စုသ်ရဲ့အရှေ့တောင်ဘက်(၁၁) ကီလိုမီတာအကွာ၊ ကလ်ကဇိနဲ့မနီးမဝေး(the yamuna near Srinivaspuri, 11-km southeast of Connaught Circus, not far from Kalkaji)မှာ တည်ရှိတယ်။ ဒီနေရာမှာမြတ်ဗုဒ္ဓမဟာသတိ ပဋ္ဌာနသုတ်ဟောခဲ့တယ် ဆိုတာကိုသီရိဓမ္မာသောကမင်းက ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးနောက် ဗုဒ္ဓနဲ့သက် ဆိုင်ပြီးထင်ရှားတဲ့နေရာ တော်တော်များများကို ဘုရားဖူးခရီးထွက်ခဲ့တယ်။ ဒီနေရာကိုရောက်တော့ အသောကမင်းက ဒီနေရာ ဟာမြတ်ဗုဒ္ဓ မဟာသတိပဋ္ဌာနသုတ်ဟောခဲ့တဲ့နေရာ ဆိုပြီးကျောက်စာအမှတ် အသားအဖြစ်ရေး ခဲ့တယ်။ ဒါကို အိန္ဒိယသုတေသနပညာရှင်များက အေဒီ(၁၉၆၆)မှာရှာဖွေတွေ့ရှိခဲ့တယ်။ အသောကရေးထိုးခဲ့တဲ့ကျောက်စာအမှတ်(၁၄)ခုထဲက တစ်ခုအပါအ၀င်လည်းဖြစ်တယ်။ အိန္ဒိယသုတေသန ပညာရှင်များက ဒီကျောက်စာကိုကြည့်ပြီး ဒီနေရာကိုဗုဒ္ဓနဲ့ပတ်သက်တဲ့ အိန္ဒိယရဲ့ရှေးဟောင်း သုတေသန ဆိုင်ရာဆိုက်တစ်ခုအဖြစ်သတ်မှတ်ထားတာဖြစ်တယ်။ ဒါကြောင့်သာ ယနေ့ခေတ်မှာ ဘုရားရှင်မဟာသတိပဋ္ဌာနသုတ်ဟောခဲ့တဲ့နေရာကို ပန်းခြံလိုနေရာမျိုးလေးအဖြစ်နှင့် သာမြင်တွေ့နေ ရတာပါ။

ဒီိနေရာလေးကိုရောက်တော့ဦးဆောင်ပြီးလိုက်ပို့တဲ့ညီိလေးကမြတ်စွာဘုရားမဟာသတိပဋ္ဌာနသုတ် ဟောတော် မူခဲ့တဲ့နေရာဖြစ်ကြောင်းရှင်းပြတယ်၊ သူရှင်းပြတာကိုနားထောင်းရင်းနဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်မှာစတုတ္ထနှစ် ပြီးတော့(၁၀)ရက်ပဋိပတ္တိသင်တန်းကို တတ်ရတယ်၊ စာရေးသူကတော့ ဘုရားရှင်ကိုကြည်ညိုပြီး ပဟာသတိပဋ္ဌာန်းတရားကို(၁၀)ရက်ထဲအားထုတ်ရတာ အားမရလို့နောက်ထပ်(၁၀)ရက်ထပ်ပြီး အားထုတ်ခြင်အတွက် စတုတ္ထနှစ်ကိုနောက်ထပ်တစ်နှစ်တိုးပြီး တက်ခဲ့တယ်။ ဘုရားရှင်ဟောကြားခဲ့တဲ့မဟာသတိပဋ္ဌာနသုတ်တော်ကြီးကို အားပါးတရရက်ပေါင်း(၂၀) နာကြားခွင့်ရခဲ့တယ်။ ဒါကလည်း မဟာအခွင့်ရေးကြီးပါ၊ သူများတွေ ရက်(၂၀)တရား အားထုတ်ချင်လို့၊ ပဋိပတ္တိသင်းတန်းတတ်ချင်လို့မှတတ်ခွင့်မရကြတဲ့အဖြစ်ကို စာရေးသူက သနားနေမိတယ်။ ဟုတ်တယ်လေ မဟာသတိပဋ္ဌာန်ကမ္မဋ္ဌာန်းကျင့်စဉ်ဆိုတာ နိဗ္ဗန်ထိတောင်ရောက်နိုင်တဲ့တရားဆိုတာ စာဖတ်သူတို့ သိလာပါလိမ့်မယ်။ အဲ့ဒီလိုမဟာသတိပဋ္ဌာန်ကမ္မဋ္ဌာန်တရားကို အားထုတ်ဖူးထားတော့ စာရေးသူက မဟာသတိပဋ္ဌာန်ကမ္မဋ္ဌာန်းတရားရဲ့အနှစ်သာရနဲ့တန်းဖိုးကို သိထားတယ်လေ။ ဒါကြောင့် ကမ္မဋ္ဌာန်းနည်းပြဆရာတော်ဟောကြားပို့ချထားတဲ့ မဟာသတိပဋ္ဌာန်တရားကို နာကြားခဲ့ဖူးတဲ့ အတွက်ကြောင့် ဒီနေရာလေးမှာတစ်ဖန်ပြန်လည်ပြီးအာရုံပြုမိတယ်။

မဟာသတိပဋ္ဌာနသုတ်တော်ထဲမှာပါတဲ့အဓိကအချက်တွေကတော့ ပုဗ္ဗဘာဂမဂ်လို့ခေါ်တဲ့ ၀ိပ္ပဿနာ အားထုတ်ပုံတွေကိုတိတိကျကျပြည့်ပြည့်စုံစုံဖေါ်ပြထားတယ်၊ ထို့ပြင် ညာဏ်အထူးများဖြစ်ပေါ်လာပုံနဲ့ ပရိညေယျ၊ပဟာတပ္ပ၊သစ္ဆိကာတပ္ပ၊ဘာဝေတပ္ပလို့ခေါ်တဲ့အရိယသစ္စာလေးပါးကိုလဲပေါ်လွင်ထင်ရှား ပြီးပြည့်စုံစွာဖေါ်ပြထားတယ်၊ နိဂုံးချုပ်အနေအားဖြင့် ၀န်ခံချက်နဲ့အာမခံချက်လဲဒီလိုပေးထားသေးတယ်၊ သတိပဋ္ဌာန်တရားလေးပါးကိုဆက်တိုက်ပွားများအားထုတ်မယ်ဆိုရင် အလတ်စားနေယျထဲက ညာဏ်အလေးဆုံးပုဂ္ဂိုလ်တောင်မှ အကြာဆုံး(၇)နှစ်အတွင်း အနာဂါမ်၊ ရဟန္တာ တစ်မျိုးမျိုးဖြစ်နိုင်တယ်၊ ညဏ်ထက်တဲ့ပုဂ္ဂိုလ်ဆိုရင်(၇)ရက်နဲ့အနာဂါမ်၊ ရဟန္တာ တစ်မျိုးမျိုးဖြစ်နိုင်တယ်၊သောတာပန်၊ သကဒါဂါမ်ဖြစ်ဘို့ရာလောက်တော့ ဆိုဖွယ်ရာရှိမယ်မထင်၊ ဒီလိုအကျိုးကျေးဇူးတွေရှိတဲ့ မဟာသတိပဋ္ဌာနသုတ်တော်ရဲ့ဥဒ္ဒေသမှာ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ သောကပရိဒေ၀ါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ညာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။” လို့ ဟောထားတယ်။

ပါဠိတော်ရဲ့အဓိပ္ပါယ်က “ရဟန်းတို့ သတိပဋ္ဌာန်တရားလေးပါးရှိတယ်၊ ဒီသတိ ပဋ္ဌာန်းတရားလေးပါး ကျင့်စဉ်က သတ္တ၀ါတွေရဲ့စိတ်အညစ်အကြေးကိုကင်းစင်ပြီး သန့်ရှင်းစင်ကြယ်စေဘို့ရာအတွက် တစ်ခု တည်းသောလမ်း၊ တစ်ကြောင်းတည်းသော လမ်းဖြစ်တယ်”လို့ ဆိုလိုရင်းဖြစ်တယ်။ ကိလေသာ ကင်းပြီး ရဟန္တာဖြစ်သွားတာကို စင်ကြယ်တယ်လို့ ခေါ်တယ်၊ ရဟန္တာဖြစ်ဘို့အတွက် ကျင့်မယ်ဆိုရင် မဟာသတိ ပဋ္ဌာနသုတ်တော်လာအတိုင်းကျင့်ပါ၊ ရဟန္တာမဖြစ်ချင်သေးဘူး အပါယ်လေးပါးမှလွတ်ရုံ သောတာ ပန်လောက်ပဲကျင့်ချင်သေးတယ်ဆိုရင်လဲဖြစ်သေးတယ်၊ အရိယာဖြစ်အောင်ကျင့်ဘို့ အတွက်လမ်းစဉ်တွေက ဒီမဟာသတိပဋ္ဌာနသုတ်မှာပါတယ်၊ အဖွဲ့အနွဲ့တွေမပါဘူး၊ ရိုးရိုးရှင်းရှင်းလေး ဟောတာဖြစ်ပါတယ်။

ဘုရားရှင်က ဒီသုတ်တော်ကို သာဝတ္ထိတို့ ရာဇဂြိုဟ်တို့လိုမြို့တော်တွေမှာမဟောဘဲ ဒေလီမှာ ဘာကြောင့်ဟောရတာလဲဆိုတဲ့အချက်ကို စာပေမှာရှာဖွေကြည့်လိုက်တော့ဒေလီမြို့ဟာ ဘုရားရှင်လက်ထပ်က ကုရုတိုင်း၊ ကမ္မာသဓမ္မနိဂုံမှာပါတယ်။ ကုရုတိုင်းသားကမ္မာသရွာသူရွာသား တွေက သာမာန်လူတွေထက် ဥာဏ်ပညာထက်မြတ်ကြပါတယ်၊ ရာသီဥတုနဲ့အစားအသောက်က လည်းကောင် မွန်ပြည့်စုံနေတော့ပေါ့ပါးလန်းဆန်းပြီး ဦးနှောက်တွေကကြည်လင်နေလို့ ဒီလိုနက်နဲ ခက်ခဲတဲ့တရားတော်ကို နာယူလက်ခံနိုင်စွမ်းရှိကြတယ်လို့ ဆိုထားတယ်။ နက်နဲတဲ့ဒေသနာတော်ကို ခံယူနိုင်စွမ်းရှိကြတာမို့ ဘုရားရှင်က ဒီလိုနေရာမျိုးကိုရွေးချယ်ပြီးဟောမူဟန်ဖြစ်လိမ့် မယ်ထင်ပါ တယ်။နောက်တစ်ချက်ရှိသေးတယ် သတိပဋ္ဌာန်တရားမဟောကြားခင်ကတည်းက ကမ္မာသဓမ္မနိဂုံးမှာ နေတဲ့ရွာသူရွာသားတွေက အဋ္ဌိက(အရိုးစုကမ္မဋ္ဌာန်း)၊ တေဇောကသိဏ(မီးကသိုဏ်း)၊ အာပေါကသိဏ (ရေကသိုဏ်း)၊  အသုဘသညာ၊ မရဏဿတိ၊မေတ္တာဘာဝနာစတဲ့ကမ္မဋ္ဌာန်း တမျိုးမျိုးကို လူတိုင်းလူတိုင်းနှလုံးသွင်းပြီးနေလေ့ရှိကြတယ်လို့ ဆိုထားတာကိုတွေ့ရှိရတယ်။ ယုတ်စွအဆုံးလူတွေသာမက တိရိစ္ဆာန်လေးတွေလဲ သူတို့နားလည်သလောက် ကမ္မဋ္ဌာန်းနှလုံးသွင်း တတ်ကြတယ်လို့ ဆိုထားပါသေးတယ်။

စာရေးသူက ဦးဆောင်ပြီးလိုက်ပို့တဲ့ညီလေးရှင်းပြနေတာကို နားထောင်ရင်း၊ ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်ဟောကြားပို့ချပေးခဲ့တာကို အာရုံပြန်ပြုလျက်ဘေးပတ် ၀န်းကျင်ကို ဟိုဟိုဒီဒီကြည့်မိတော့ ခပ်လှမ်းမှာသုံးလေးဖွဲ့ကုလားတွေစုပြီး ဖဲရိုက်နေတာကိုတွေ့တော့ အော်…ကြာဖတ်အောက်ဖား တွေပဲလို့ စိတ်ထဲကနေပြီး မညှာမတာရေရွတ်မိတယ်၊ အိန္ဒိယမှာဖဲရိုက်တာက နေရာမရွေးတွေ့ နိုင်ပါတယ်၊ ဒါက သူတို့ရဲ့ယဉ်ကျေးမှုပါ၊ အထူးအဆန်းမဟုတ်ဘူး၊မြန်မာ့ယဉ်ကျေးမှုမျက်လုံးနဲ့တော့ ကြည့်လို့မဖြစ်ဘူးပေါ့၊ စာရေးသူက ဘာကြောင့်ဖဲရိုက်နေတဲ့ကုလားတွေကို ကြာဖတ်အောက်က ဖားတွေလို့မညှာမတာရေရွတ် ရတာလဲဆိုရင် ဒီကလားတွေက မဟာသိပဋ္ဌာနသုတ်တော်ရဲ့ အနှစ်သာရနဲ့တန်ဘိုး၊ ဗုဒ္ဓရဲ့ဂုဏ်ကျေးဇူးကို မသိရှိကြလို့ပါပဲ၊ တကယ်လို့ ဒီကုလားတွေသာသိကြ မယ်ဆိုရင် ဒီနေရာကိုအထွဋ်အမြတ်ထားပြီး မဟာသတိပဋ္ဌာန် ကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်နေကြမှာဖြစ်တယ်။ စာရေးသူတို့ကတော့ သိလို့လာရောက်ဖူးမျှော်ကြတာဆိုတော့ ပီတုံးတွေလို့ဆိုရ မှာပဲပေါ့၊ ကြာဖက်အောက်ကဖားက ကြာဝတ်ဆံကို မစားရဘူး၊ ကြာဝတ်ဆံကိုတောထဲကပိတုံးက လာစားသွားတယ်။ ဖားဘ၀ကသနားစရာကောင်းတယ်။ ကိုယ့်အနီးအနားမှာရှိရက်နဲ့ကြာဝတ်ဆံရဲ့ ချိုမြိန်တဲ့အရသာကို နားမလည်တော့ မစားဘူးပေါ့၊ သူက ပိုးကောင်ရဲ့အရသာလောက်ကောင်မှန်း သိတော့ ပိုးကောင်ပဲစားရရှာတယ်။ ဒါကြောင့် ကြာဖက်အောက်က ဖားတွေလို့ စိတ်ထဲကနေပြီးကောက်ချက်ချမိတာပါ။ စာရေးသူတို့အဖွှဲ့ကကျောင်းဆောင်ပေါ်တက် သံလှောင်အိမ်မှာသော့ခတ်ပြီး အကျဉ်းသားတစ်ယောက်ပမာ အကျဉ်းကျခံနေရတဲ့ စာလုံးတွေရေးထွင်းထားတဲ့ကျောက်တုံးလေးကို ဘုရားရှင်ရဲ့သဗ္ဗညုတညာဏ်တော်တွေကို အာရုံပြုလျှက်ဦးသုံး ကြိမ်ချလိုက်တယ်။ ပန်းခြံဝင်းထဲမှာ အမှတ်တရဓာတ် ပုံရိုက်ကြတယ်။ အပြန်ခရီးတွင် ကားပေါ်မှာ စာရေးသူနိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး)မှာ(၂)နှစ်ဆက် တိုက်ရက်ပေါင်း(၂၀)ပွားများအားထုတ်ခဲ့စဉ်းက ကမ္မဋ္ဌာန်းနည်းပြဆရာတော်ဟောကြားပို့ချပေးခဲ့တဲ့ မဟာသတိပဋ္ဌာနသုတ်တော်ကိုမြန်မာမှုပြုထားတဲ့ “ကိလေစင်ကြောင်း၊ နည်းကောင်းအမှန်၊ ရှုကြည့်ပါလှည့် သတိပဋ္ဌာန်၊ ၀န်ခံချက်နှင့် မိန့်မြွက်သည်မှန်၊ ကျင့်ကြံသုံး၊ လမ်ဆုံးပြည်နိဗ္ဗာန်။ စိုးရိမ်ပူဆွေး၊ လွတ်ရေးအမှန်၊ ရှုကြည့်ပါလှည့် သတိပဋ္ဌာန်၊ ၀န်ခံချက်နှင့် မိန့်မြွက်သည်မှန်၊ ကျင့်ကြံသုံး၊ လမ်ဆုံးပြည်နိဗ္ဗာန်။”စတဲ့ဆောင်ပုဒ်တစ်ပိုင်းတစ်စကို စိတ်ထဲကရွတ်ဆိုပူဇော်ရင် စာရေးသူတို့အဖွဲ့စီးနင်းလိုက်ပါလာတဲ့ အင်နိုဗာကားလေးက အခြားတစ်နေရာသို့ခေါ်ဆောင်လို့သွားခဲ့ ပါတယ်…..

(ငယ်ဆရာများနှင့်နိုင်ငံပရိယတ္တိသာသနာ့တက္ကသိုလ်ရန်ကုန်၊ မန္တလေးတို့ကိုတည်ထောင်ပေးခဲ့သော မင်းကွန်းတိပိဋကဓရဆရာတော်ကြီး၏ဂုဏ်ကျေးဇူး၊နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ နာယကချုပ် ဆရာတော်နှင့်တကွ သင်ကြားစီမံဆရာများအားလုံး၊ မန္တလေးမြို့၊ စိန်ပန်းမဟာစည်ရိပ် သာမှ ကမ္မဋ္ဌာန်းနည်းပြဆရာတော် ဘဒ္ဒန္တပညာဝံသနှင့်ကျေးဇူးတင်ထိုက်သောသူအားလုံးကို ဤဆောင်း ပါးဖြင့် ရေးသားပူဇော်အပ်ပါသည်။)

(ကျမ်းညွန်း)
မဟာသတိပဋ္ဌာနသုတ်ပါဠိတော်၊ အဋ္ဌကထာ၊ သုတ်မဟာဝဂ္ဂပါဠိ၊ ဒီဃနိကာယ၊ မဟာစည်ဆရာတော်ဟောကြားတော်မူသောမဟာသတိပဋ္ဌာန်တရားတော်။
http://www.monumentsofdelhi.com/monuments/Ashokan_rock_edict 
http://www.indiainfoweb.com/delhi/monuments/ashoka-rock-eddict.html

ယမုံနာလွင်ပြင်ဖန်းတီးရှင်
အရှင်တိလောက(ခရမ်း)
 (၂၆/ ၁၂/ ၂၀၁၁)တနင်္လာနေ့
ညနေ (၀၇)နရီ (၁၈)မိနစ်




 

မဟာသတိပဋ္ဌာန်ကုန်းတော်မြင်းကွင်း(၁)

 

မဟာသတိပဋ္ဌာန်ကုန်းတော်မြင်းကွင်း(၂) 

 

မဟာသတိပဋ္ဌာန်ကုန်းတော်မြင်းကွင်း(၃) 


မဟာသတိပဋ္ဌာန်ကုန်းတော်နှင့်စာရေးသူ


သံလှောင်အိမ်အဝေးမြင်ကွင်း


သံလှောင်အိမ်နှစ်ထပ်ခက်ထားတဲ့ကျောက်စာ


သံလှောင်အိမ်အတွင်းက ကျောက်စာ(၁) 


သံလှောင်အိမ်အတွင်းက ကျောက်စာ(၂) 

မဟာသတိပဋ္ဌာန်ကုန်းတော်သို့အ၀င် မှတ်တမ်းဆိုင်းဘုတ်