Saturday 31 December 2011

ရင်တွင်းဖြစ်



စာရေးသူသည် နယူးဒေလီတက္ကသိုလ်တွင် 2010/2011 M.A ပထမနှစ်စာမေးပွဲဖြေပြီး သဖြင့်မြန်မာနိုင်ငံ သို့ခေတ္တခဏပြန်ရောက်ခဲ့ပါတယ်။ ထိုသို့ပြန်ရောက်ချိန်မှာ စာရေးသူနဲ့ဒကာဒကာမများက စာရေးသူနဲ့ ညီကိုဝမ်းကွဲတော်စပ်သောနောင်တော်ကြီးက တည်ထောင်တဲ့ ပဲခူးတိုင်း၊ က၀မြို့နယ်၊ညောင်ပင် ရွာကျေးရွာ၊ ရွာလယ်ကျောင်းတွင် ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ အလယ်တန်း အထိသင်ရိုး ညွှန်းတမ်းနဲ့သက်ဆိုင်သော ဆရာကိုင်စာအုပ်များကို ယင်းကျောင်းအတွက်ပေးလှူခဲ့ ပါတယ်။ စုစုပေါင်းတန်ဖိုးမှာ ကျပ်၁သိန်းကျော်ဖိုးခန့်ရှိပါတယ်။ 

နောက်ထပ်တစ်ဖန် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကမာကလူ/ကမာကယာကျေးရွာများရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် လှူဒါန်းရန်စီစဉ်ဖြစ်ကြပါတယ်။ ယင်းကျောင်းများကို ဖုံးဆက်ပြီးလိုအပ် တဲ့ကျောင်း သုံးစာအုပ်များကိုမေးမြန်းလျှောက်ထားတဲ့အခါဆရာတော်များကဗလာစာအုပ်နဲ့ဘော့ပင်သာလိုအပ်ကြောင်း သာပြောသဖြင့် စုစုပေါင်း ၂သိန်းဘိုးခန့်လှူဖြစ်ခဲ့တယ်။ ထိုအလှူများမှာ စာရေးသူက မိမိရဲ့ပညာသင်စရိတ် ထဲမှ ၁သိန်းမတည်၍ ဒကာဒကာမများ၏စုပေါင်းအလှူနဲ့ လှူဒါန်းခြင်းဖြစ်ပါတယ်။


 ယင်းကျောင်းမှာ စာရေးသူကိုမွေးဖွားပေးလိုက်သောကျောင်းဖြစ်ပါတယ်။ စာရေးသူ၏ ငယ်ဆရာဖြစ်သော ဆရာတော်ဘဒ္ဒန္တနန္ဒ၀ံသတည်ထောင်ခဲ့သောကျောင်းများဖြစ်ပါတယ်။ ဆရာတော်က သက်တော်(၈၉)နှစ် မှာ ပျံလွန်တော်မူခဲ့ပါပြီ။ တပည့်အကြီးဆုံးက ဆက်လက်တာဝန်ယူနေခြင်းဖြစ်ပါတယ်။ ဆရာသမားများ နဲ့ဆွေမျိုးများထံ မရောက်ဖြစ်တာလည်း (၁၂)နှစ်ကျော်ပြီဖြစ်လို့ ဆရာသမားများကိုကန်တော့ရင်း ကိုယ်တိုင်ပဲ သွားလှူခဲ့ပါတယ်။ စာရေးသူနဲ့အတူပါဝင်လှူဒါန်းသော ဒကာဒကာမများကလည်းတော ကိုရောက်ဖူးချင်သဖြင့် စာရေးသူနှင့်အတူ လိုက်ပါခဲ့ကြပါတယ်။ ဆရာတော်ထံသို့ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများကိုပေးအပ်လှူဒါန်းခဲ့ပါတယ်။ကျောင်းသူ/သား(၂၀၀)ကျော်ခန့်ရှိ ပါတယ်။ 

မူလွန်ကျောင်းဆိုတော့(၇)တန်းအထိဆရာတော်နဲ့အတူဦးဇင်းတစ်ပါး၊ ဆရာမလေးယောက် စုစုပေါင်းဆရာ အင်အားခြောက်ဦးဖြင့်သင်ကြားပေးနေတာကိုတွေ့ရှိရပါတယ်။ကျောင်းသူကျောင်းသူကျောင်းသားအများစုက ဆင်ရဲနွမ်းပါးပြီးအစိုးရမှဖွင့်လှစ်ထားသော အလယ်တန်းကျောင်းကိုကျောင်းအပ်မပေးနိုင်သော ရွာသူရွား သားများရဲ့သားသမီးများနဲ့ရွာနီး ပတ်ဝန်းကျင်မှခလေးငယ်များဖြစ် ကြပါတယ်။ 


ဆရာတော်က စာရေးသူအား“ငါ့မှာ ဆရာမလေးယောက်ကို လစာပေးငှားထားရတယ်ကွာ၊ ငါ့ရရှိတဲ့ အလှူငွေလေးကို ပဒေသာပင်စိုက်ထားရတယ်၊ အဲ့ဒီက ရတဲ့ငွေနဲ့ပဲသူတို့ကို လစာပေးရတယ်”လို့ မိန့်ကြားခဲ့ ပါတယ်။ သူတို့ပေးတဲ့လစာက တစ်ယောက်ကသုံးသောင်း၊နှစ်ယောက်ကနှစ်သောင်းခွဲ၊ တစ်ယောက် ကနှစ်သောင်းပေးတယ်လို့သိခဲ့ရပါတယ်။ စာရေးသူက ဆရာမတွေကို ပေးတဲ့လာစာ တွက်ကြည့်မိပါတယ်၊ သုံးယောက်ပေါင်း တစ်လတစ်သိန်း၊ တစ်နှစ်ကို (၁၂)သိန်း၊  ဖြစ်ပါတယ်။ ဒီဘုန်းကြီးကုန်ကျစရိတ်ကလည်း မသေးပါလား၊ ရွာဂေါစရဂါမ်က တစ်နှစ်လုံးပေါင်းလို့ ဘုန်းကြီးရတဲ့သာရေးနာရေးအလှူငွေက စာရေးသူတို့ ငယ်ငယ်ကဆို တစ်သိန်းပြည့်အောင်ပင်မရရှာ၊ ရပ်ရွာရဲ့စီးပွားရေးက လယ်လုပ်ငန်းလောက်သာ အဓိကရှိတာ တစ်ခြားစီးပွားရေးမယ်မယ်ရရမရှိတာကို စာရေးသူအသိဆုံးဖြစ်ပါတယ်။ 

ဘုန်းကြီးခများလည်း ရွာသူရွာသားတွေရဲ့သာသမီးများ အသိပညာအတတ်ပညာထွန်းကားရေး အတွက်နေရင်းထိုင်းရင်းချစ်တီဖြစ်နေရရှာတယ်။ သူခမျာကုမ္မဏီမရှိ၊ လယ်ယာလုပ်ငန်းမရှိနဲ့ ရသမျှ အလှူငွေလေးကို တိုးပွားအောင်ပဒေသာပင်စိုက်ပြီး ဆရာမတွေကိုလစာပေးပြီး ခလေးတွေစာသင်ခိုင်းနေ တယ်။ ဆရာမတွေရတဲ့လစာကလည်းမက်လောက်စရာပါပဲ၊ သူတို့ကလည်း ဆရာတော်ကိုကြည်ညို လွန်းလို့သာ လုပ်အားပေးတစ်ဝက်နဲ့လစာယူနေကြရတာပါ၊ ဆရာမလေးယောက်က ၃ယောက်ကဘွဲ့ရ၊ ၁ယောက်က ၁၀တန်းဖြစ်တယ်။ စိတ်ထဲလည်းတွေးမိပါတယ်၊ ဒီဘုန်းကြီး လူဘ၀မှာနေပြီးအိမ်ထောင် သားမွေးပြုရင် ဒီလောက်များတဲ့ခလေးတွေကိုကျောင်းထားပေးရမှာမဟုတ်ဘူး၊ အခုတော့ ဘုန်းကြီးဝတ်မိလို့ တစ်ရွားလုံးအပြင် ရွားနီးပတ်ဝန်းကျင်က ပါဝင်တဲ့သားသမီး(၂၀၀)ကျော်ကိုကျောင်းထားပေးနေ ရတယ်လို့တွေးမိတယ်။ 

လူ့ဝတ်ကြောင်ဘ၀မှာဆိုရင်တောသားမို့လို့လျှော့လျှော့ပေါ့ပေါ့အလွန်ဆုံး ခလေးငါးယောက်ပေါ့။ သူတို့ခေတ်က ငါးယောက်တော့ ဖြစ်နိုင်လောက်ပါတယ်၊ ကျောင်းဘေးကဒကာဆိုရင် သူထက်ငယ်တယ်၊ ၁၁ယောက်ရှိတယ်၊ ဒါတောင် ၂ယောက်ကပျက်ဆီးသွားသေးတယ်။ ထားပါတော့ စာရေးသူရဲ့ အတွေးလေးကို ကိုးကားပြတာပါ။  အခုတော့ ခလေး(၂၀၀)ကျော် ကိုကျောင်းထားပေးဘို့အတွက် သူမှာရှာဖွေနေရတယ်၊ မတွေ့တာကြာလို့ ဘုန်းကြီးသက်တော်ကိုမေးလိုက်တော့ (၇၀)ကျော်နေပြီ၊ ရပ်ရွာဖွံ့ဖြိုးရေးအတွက် သာသနာပြုနေစဲပါပဲ။ 

စာရေးသူနဲ့အတူပါလာတဲ့ ဒကာ/မများက ပဒေသာပင်တွေစိုက်ခဲ့ကြပါတယ်။ အဲ့ဒီကနေနောက်တစ်ကျောင်း ကူးပြီးသွားလှူပါတယ်၊ ကမာကယာကျောင်းပါ ကမာကလူရဲ့လက်အောက်ခံရွာလေးပေါ့၊ကျောင်းသား (၁၀၀)ကျော်လောက်ရှိတယ်၊ သူလဲပဲရွှေမန်းတင်မောင်သီချင်းလိုပါပဲ၊ “ကျွန်တော်လည်း ထိုနည်း လည်းကောင်း”ပေါ့၊ ဆရာတော်အပါအ၀င် ၉-တန်းအောင်၊ ၁၀တန်းကျဆရာမ(၂)ယောက်နဲ့ရုံး ကန်နေကြရပါတယ်။ မူလတန်းအဆင့်ထိပဲရှိပါတယ်။ လှူစရာရှိတာများကိုလှူပြီး အဲ့ဒီနေ့ညနေပိုင်းမှာပဲ စာရေးသူတို့အဖွဲ့ ပြန်လာခဲ့ပါတယ်။

 စာရေးသူတို့ခရမ်းမြို့ကနေစထွက်တော့ ညနေလေးနာရီကျော်နေပါပြီ၊ စာရေးသူတို့ကို သယ်ဆောင်လာတဲ့ (တောင်းအေ့စ်)ကားလေးဟာ ခရမ်းမြို့ပေါ်ကနေပြီး ခရမ်း၊ သုံးခွ၊ သံလျင်၊ ရန်ကုန်သွားတဲ့ကားလမ်းအတိုင်း မြို့အပြင်ထွက်တယ်ဆိုရင်ပဲ စိမ်းစိုသောလယ်ကွင်းပြင်များကိုတွေ့မြင်ရပါတယ်။ ရာသီဥတုက မိုးဥတုဆိုတော့ မိုးရွာထားလို့ သစ်ပင်း၊ ၀ါးပင်းတွေနှင့်အတူ လယ်ကွင်းပြင်များက စိမ်းစိုလို့နေပါတယ်။ လယ်သမားတစ်ချို့လယ်ကွင်းကနေပြီးအိမ်ပြန်လာတာကိုတွေ့ရတယ်။ ကောက်စိုက်သမတစ်အုပ်က တေးသီ ချင်းကိုသီကျူးရင်း အိမ်ပြန်လမ်းကို ဦးတည်နေကြတယ်။ ညဥ့်ငှက်တို့က အိပ်တန်းပြန်နေကြပြီ၊ စာရေးသူရဲ့ရင်းထဲမှာ ပန်းချီဆရာတစ်ဦးကခြယ်သထားတဲ့တောအလှပန်းချီကားတစ်ချပ်ကို ကြည့်ရှုနေရ သကဲ့သို့ ရင်ထဲမှာခံစားနေမိပါတယ်။ ဒီမြင်ကွင်းတွေက စာရေးသူနဲ့ကင်းကွာနေတာ ဆယ်နှစ်ကျော်နေပါပြီ၊ လယ်ကွင်းပြင်များကိုငေးမောနေစဉ်လေပြေလေညင်းတစ်ခုကကောက်ပင်ရနံ့တို့ကိုသယ်စောင်ပြီး စာရေးသူ ကိုဖြတ်တိုက်သွားခဲ့တယ်။ စာရေးသူလည်းကောက်ပင်ရနံ့တွေနဲ့အတူ သန့်ရှင်းလတ်ဆက်သော သဘာဝလေကို အားပါးတရရှူရှိုက်လိုက်မိတယ်။ 

စာရေးသူရဲ့ဒကာမက ဦးဇင်းလေး ကားမှန်တင်လိုက်ပါလား၊တော်ကြာအအေးပတ်ပြီး ဖျားနေဦးမယ်လို့ ကားနောက်ခန်းကနေပြီး သတိပေးရှာတယ်၊ စာရေးသူကတော့ ကားကူရှင်ကိုမှီပြီးကောက်ပင်ရနံ့တို့ကို ရှူရင်းလိုက်ပါခဲ့တယ်။ လယ်ကွင်းတွေကို မျက်စိတစ်ဆုံးငေးမောကြည့်ရင်း ပျံလွန်တော်မူသွားသော ငယ်ဆရာရဲ့မျှော်လင့်ချက်တွေနဲ့အတူ ဆရာပြောခဲ့တဲ့စကားလေးတစ်ခွန်းကိုပြန်လည် လို့ကြားယောင်နေ မိတယ်။ စာရေးသူအပါအ၀င် ရွယ်တူ တပည့်အပါး(၂၀)ကို စာချပေးရင်း “မင်းတို့ထဲက ငါလိုပုဂ္ဂိုလ် ငါးပါးလောက်ပေါ်လာရင်တော်ပါပြီတဲ့” အခုတော့ ဆရာတော်ရဲ့မျှော်လင့်ချက်က ကျန်တဲ့ညီနောင်များလဲ အမြင်မှန်ရလို့ ကာမတောမှာပျော်မွေ့နေကြကုန်ပြီ၊ စာရေးသူတစ်ဦးသာလျှင် မိုက်မိုက်ကန်းကန်းနဲ့ အိန္ဒိယနိုင်ငံကိုပညာသင်တဲ့အထိ ရောက်လာခဲ့ပါတယ်။ 

M.A ပထမနှစ်  စီမီစတာ-၂မှာလေ့လာရတဲ့သမိုင်းဘာသာရပ်မှာ ဗီယက်နမ်နိုင်ငံက မဟာ ယာနဗုဒ္ဓဘာသာဝင်သီလရှင် မာစတာချင်ယန်းရဲ့ဖောင်ဒေးရှင်း၁၀ခုအနက် ပညာရေးဖောင်းဒေးရှင်း တစ်ခုပါတာကိုတွေ့ရတယ်။ မဟာယာနတွေ ပရဟိတတွေလုပ်ကြတာကို အားကျစရာအဖြစ် သမိုင်းမှတ်တမ်းမှာတွေ့ရတယ်။ ငါ့တို့ထေရ၀ါဒမြန်မာနိုင်ငံမှာလဲ ရှိတော့ရှိတယ်နည်းသေးတယ်၊ ငါတို့မြန်မာရဟန်းတော်တွေ ပရဟိတလုပ်ငန်းတွေများများလုပ်ဘို့လိုအပ်တယ်လို့ စိတ်ထဲမှာဖြစ်ပေါ်လာ ခဲ့တယ်။  ဒါကြောင့် ကားပေါ်မှာအတွေးနဲ့ဖောင်းဒေရှင်းတစ်ခုချခဲ့မိတယ်။ဖောင်ဒေးရှင်းရဲ ဥက္ကဋ္ဌ၊ အကျိုးဆောင်၊ငွေကိုင်း၊ အဖွဲ့ဝင်စသည်ကိုရွေးချယ်တင်မြှောက်လိုက်တယ်၊ တာဝန်အားလုံးက အရှင်တိလောကတစ်ပါးတည်းပါပဲ၊ ဒီလောက်လူအင်းအားကောင်းတဲ့ဖောင်ဒေးရှင်းအတွက်ဘဏ္ဍာငွေရှာဖွေ ဘို့ စတင်လိုက်တယ်၊ စာရေးသူရဲ့ညာဘက်လက်တစ်ဖက်ကပေါင်ပေါ်မှာတင်ထားတဲ့လွယ်အိပ်ထဲ ကိုရောက်သွားတယ်၊ ငွေတစ်သိန်းအုပ် ၂ထုပ်ပါလာတယ်၊ ဒကာမလက်ထဲကို ဘဏ္ဍာငွေရှာဘို့အတွက် အပ်လိုက်ပါတယ်။ ဒကာမက ဦးဇင်းလေး မုန့်ဖိုးပေးတာလားဆိုပြီးနောက်လိုက်ပါသေးတယ်။ စာရေးသူက ရည်ရွယ်ချက်ကိုပြောပြလိုက်တယ်၊ လိုက်ပါလာတဲ့ ဒကာ/မတွေအားလုံးက ဦးဇင်းလေးလုပ်ရင် တပည့်တော် တို့လဲလှူမှာပေါ့ဆိုပြီး ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုသုံးကြိမ်ခေါ်လို့ အားပေးကြပါတယ်။ 

နှစ်စဉ်နှစ်တိုင်းကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာများလှူဒါန်းနိုင်ဘို့အတွက် ဒကာမလက်ထဲကို ငွေ၂သိန်း မတည်ငွေအဖြစ်နဲ့အပ်နှံထားလိုက်တာပါ၊ ငယ်ဆရာကိုကျေးဇူးဆပ်သောအနေအားဖြင့် ရပ်ရွာနဲ့ ပတ်ဝန်းကျင်က ကလေးတွေအတွက် ပညာရေးမှာတတ်အားသရွေ့ထောက်ပံ့သွားမယ်လို့ ဆုံးဖြတ်ချက် နဲ့အတူ စာရေးသူရဲ့အနာဂါတ်သာသနာပြုလုပ်ငန်းအတွက်လည်း စတင်ပြီးဖောင်ဒေးရှင်းချလိုက်တာပါ။ ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင်စသည်တို့က သဘောတူရွေးချယ်လိုက်တဲ့ဖောင်းဒေရှင်းနာမည်က “တိလောက ပညာရေးဖောင်ဒေးရှင်း”တဲ့၊ ဒီဖောင်ဒေးရှင်းလေးက စာရေးသူရဲ့ရင်တွင်းဖြစ်ဖောင်ဒေးရှင်းလေးတစ်ခုပါ။ အစည်းအဝေးအပြီးမှာ ပီတိအပြုံးနဲ့ တီးခက်လိုက်တဲ့ ရင်ထဲကလက်ခုသြဘာသံကို ကားနောက်ခန်းမှာလိုက် ပါလာတဲ့ ဒကာမတွေ ကြားလိုက်မိဟန်မတူချေ……။



(ဤဆောင်းပါးဖြင့် ဘ၀နတ်နန်းကြွမြန်းသွားသောကျေးဇူးရှင်ဆရာသမားအားပူဇော်ကန်တော့လိုက်ပါတယ်၊ တပည့်မှာ မလိမ္မာမိုက်မဲမိခဲ့တဲ့ အပြစ်များရှိခဲ့ပါက တမလွန်ဘ၀မှနေပြီး သီးခံခွင့်လွှတ်ပေးပါဘုရား)



 ယမုံနာလွင်ပြင် ဖန်းတီးရှင်
အရှင်တိလောက(ခရမ်း)
20.12.2011
 မြန်မာစံတော်ချိန် 03း03 am


ကျောင်းသုံးစာအုပ်နှင့်စာရေးကိရိယာများလှူဒါန်းစဉ်က မှတ်တမ်းဓာတ်ပုံများ

ကမာကလူကျောင်းဆရာတော်
  
 ပူဇော်လှူဒါန်းကန်တော့ခန်း(၁)

 ပူဇော်လှူဒါန်းကန်တော့ခန်း(၂)

 လှူရန်ဝတ္ထု ဆက်ကပ်မှု(၁)

 လှူရန်ဝတ္ထု ဆက်ကပ်မှု(၂)

 ဆက်ကပ်လှူဒါန်း နေ့လည်ဆွမ်း( စာရေးသူ၏ ယောက်ဖတော်နှင့် အစ်မတော်)

 ဆရာတော်နှင့်စာရေးသူ

 ကမာကယာကျောင်းဆရာတော်
 
ဆရာတော်နှင့်စာရေးသူ

  လှူရန်ဝတ္ထု ဆက်ကပ်မှု(၃)

  လှူရန်ဝတ္ထု ဆက်ကပ်မှု(၄)

 လှူရန်ဝတ္ထု ဆက်ကပ်မှု(၅)
 

စာရေးသူတို့၏ ရွာသူရွားသားများ သုံးသောက်သုံးရေကန်တော်ကြီး



 
ကမာကလူဘုန်တော်ကြီးသင်(မူလွန်)ကျောင်းနှင့်ကမာကယာဘုန်းတော်ကြီးသင်မူလတန်းကျောင်းတို့၏ သမိုင်း

တည်နေရာနှင့်တည်ထောင်သူ

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကမာကလူကျေးရွာအုပ်စုတွင်တည်ရှိပါသည်။ ခရမ်းမြို့၏အနောက် ဘက်ခြမ်း၊ မြို့နှင့်ခုနှစ်မိုင်းခန့်အကွာတွင် တည်ရှိပါသည်။ တည်ထောင်သူမှာကမာကလူကျောင်းဆရာတော် ဘဒ္ဒန္တနန္တ၀ံသပင်ဖြစ်ပါသည်။ ကမာကလူကျောင်းမှာကျေးရွာသူ/သားတို့၏အစဉ်အဆက်ကပါဝင်လှူဒါန်း ခဲ့ခြင်းဖြစ်ပါသည်။ ကမာကယာကျောင်းမှာ ကမာကလူနှင့်၁မိုင့်ခန့်အကွာတွင် တည်ရှိပြီး၊ ၁၃၄၂-ခုနှစ်တွင် ရွာခံဒကာ/မများဖြစ်ကြသည့်ဒေါ်သောင်း၊ ဦးသိန်းလူပျိုကြီးမောင်နှမကကျောင်းတည်ဆောက် လှူဒါန်း ခဲ့ခြင်း ဖြစ်ပါသည်။

လှုပ်ရှားမှု

ဆရာတော်ဘဒ္ဒန္တနန္တ၀ံသ၏ ဦးဆောင်မှုဖြင့် ၁၃၃၃-ခုနှစ်(၁၉၇၁-ခုနှစ်၊ ဇွန်လ)မှစတင်၍ လူမှုဝန်ထမ်းစေ တနာမူလတန်းကျောင်းကို စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ကျောင်းသားဦးရေ (၈၀)ကျော်ခန့် ရှိခဲ့ပြီး၊ လူမှုဝန်းထမ်းဌာနမှလည်းလာရောက်ကြည့်ရှုပြီးထောက်ပံ့အားပေးခဲ့ပါသည်။သင်ကြားမှုမှာလည်းအောင်မြင် မှုများရရှိခဲ့ပါသည်။


၁၃၅၅-ခုနှစ်၊ ပထမ၀ါဆိုလဆုတ်(၁၁)ရက်၊(၁၄.၀၇.၁၉၉၃)ရက်နေ့တွင် လူမှုဝန်ထမ်းစေတနာမူလ တန်းကျောင်းမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အဖြစ်သို့ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ ပျံလွန်တော်မူပြီးနောက် တပည့်အကြီးဆုံးဖြစ်သော ယခုလက်ရှိဆရာတော် ဘဒ္ဒန္တညာဏ၀ံသ ကကျောင်းတိုက်တာဝန်ကို (၂၀၀၀)နှစ်မှစပြီး ဆရာ့အမွေကို ဆက်လက်တာဝန်ယူခဲ့ပါသည်။ ဆရာတော်က (၂၀၀၅) ခုနှစ်၊ ဇွန်လတွင် မူလတန်းလွန်ကျောင်း(မူလွန်ကျောင်း)အဖြစ်သို့ ထပ်ဆင့်တိုးပြီး ဖွင့်လှစ်ခဲ့ပါ သည်။ကျောင်းသားဦးရေ (၆၀)ကျော်အား ရဟန်းတော်(၄)ပါး၊ ဆရာမ(၂)ဦးတို့ဖြင့် သင်ကြားပေးခဲ့ပါသည်။ ၂၀၁၁/၂၀၁၂-ပညာသင်နှစ်တွင် သူငယ်တန်းမှ သတ္တမတန်းအထိကျောင်သူ/သားဦးရေး(၂၀၆)ယောက်တို့ အားရဟန်းတော်(၂)ပါး၊ဆရာမလေးဦးတို့ကသင်ကြားပေးလျက်ရှိပါသည်။ ကမာကယာကျေးရွာ ဘုန်းတော် ကြီးသင်ကျောင်းမှာကျောင်းသားဦးရေ(၁၀၀)ကျော်တို့အား ရဟန်းတော်(၁)ပါး၊ ဆရာမ(၂)ဦးတို့ဖြင့် သင်ကြားပေးလျက်ရှိပါသည်။

စာကြွင်း… 

ယခုလက်ရှိကမာကလူကျောင်းဆရာတော် ဘဒ္ဒန္တညာဏ၀ံသမှာ ဆရာတော်ဘဒ္ဒန္တနန္ဒ၀ံသ သက်တော်ထင် ရှားရှိစဉ်က ကမာကယာကျောင်းကို တာဝန်ယူရပါသည်။ လက်ရှိကမာကယာကျောင်းကို တာဝန် ယူနေသော ဆရာတော်ဘဒ္ဒန္တသုဇာတမှာ ဆရာတော်ဘဒ္ဒန္တနန္ဒ၀ံသ၏အနီးနေတပည့်ကြီးအဖြစ်ဖြင့် ကမာက လူကျောင်းကို ဆရာတော်နှင့်အတူတာဝန်ယူပေးရပါသည်။ စာရေးသူတို့စတုတ္ထတန်းသို့ရောက်သောနှစ် တွင် အုပ်ချုပ်ပုံစည်းမျဉ်းအပြောင်းအလွှဲကြောင့်နှစ်အတော်ကြာ စာမေးပွဲဖြေဆိုခွင့်ရပ်နားခဲ့ရပါသည်။ ထိုသို့ ရပ်နားထားသော်လည်း ဆရာတော်ကြီးကလောကီလောကုတ္တရာစာပေများကိုကျောင်းသား(၁၀၀)ကျော်နှင့် ရဟန်းတော်အပါး(၂၀)၊ သာမဏေအပါး(၄၀)၊ညအိပ်ကျောင်းသား(၁၀)ကျော်တို့အားသင်ကြားပေးလျက်ရှိခဲ့ ပါသည်း။   ။



မှတ်တမ်းပြုစုသူ
ယမုံနာလွင်ပြင်ဖန်တီးရှင်
အရှင်တိလောက(ခရမ်း)
၂၈. ၁၂. ၂၀၁၁(ဗုဒ္ဓဟူးနေ့)
 မြန်မာစံတော်ချိန်ညနေ ၀၅း၄၅


ကမာကလူ/ကမာကယာဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်များ


























(နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ)

No comments:

Post a Comment