Monday 26 December 2011

ဟင်းကောင်းတစ်ခွက်

စာရေးသူရဲ့ စာဖတ်ပရိတ်သတ်တစ်ဦးက ဦးဇင်းစာတွေက အရမ်းတိုလွန်းတယ်တဲ့၊ သူက စာကိုရှည်ရှည် ဖတ်ချင်တယ်ထင်ပါရဲ့ ဒါမှမဟုတ် စာရေးသူရေးတဲ့စာတွေကို ဖတ်ရတာ အားမလိုအားမရဖြစ်တာလဲဖြစ် မယ်ထင်ပါတယ်။ စာရေးသူရဲ့ဘလော့က ရက်သားလေးပဲရှိသေးသလို စာရေးသူကိုယ်တိုင်က စာကိုအခုမှ သူငယ်ချင်းတွေတိုက်တွန်းလို့ စပြီးရေးကာစပဲရှိပါသေးတယ်၊ သာသနာ့တက္ကသိုလ်တက်တုံးကနောက် ဆုံးနှစ်မှာ သုတေသနစာတမ်းတစ်စောင်နဲ့သူငယ်ချင်းတစ်ပါးရဲ့ဂုဏ်ပြုပူဇော်ပွဲမှာဆောင်းပါးတစ်ပုဒ်ပဲရေး ဖူးခဲ့တာပါ၊ ဒါတောင် ကိုယ်ကဒီပူဇော်ပွဲရဲ့အကျိုးဆောင်သဖွယ်စီစဉ်ပေးရမှာဖြစ်တဲ့အတွက် (န.ပ.သ)မန်း ရဲ့လက်ထောက်မော်ကွန်းထိန်းဆရာတော် နာမည်တော့ထည့်မပြောတော့ပါဘူး၊ ကလောင် နာမည်မောင်ထက်အောင် (မန္တလေး)က မောင်ရင်လဲရေးဦးလေ၊ မရေးလို့ဘယ်ဖြစ်မလဲ၊ ဒီပူဇော်ပွဲစာအုပ်နဲ့ ပူဇော်ပွဲကြီးတစ်ခုလုံးကို ဒါရိုက်တာလုပ်ပြီးမောင်ရင့်စာလေးမှမပါးရင် ဘယ်အဓိပ္ပါယ်ရှိမလဲဆို လို့ ကြောက်ကြောက်နဲ့ရေးလိုက်တာဆောင်းပါးတစ်ပုဒ်တော့ဖြစ်သွားတယ်။ 

ရွာမှာပူဇော်ပွဲကျင်းပတော့ ပူဇော်ပွဲမှတ်တမ်းစာအုပ်ကလေးက ပူဇော်ပွဲလာသူမိတ်သဟာများရဲ့လက်ထဲမှာ ကိုယ်စီကိုယ်စီကိုင်လို့ပေါ့၊ တစ်ချို့လဲတစ်ကယ်ဖတ်တယ်၊ တစ်ချို့လဲ အလကားရလို့ယူထားတာ၊ သိတယ်မို့လား တောသားများက ပိုက်ဆံများမပေးရရင် လမ်းဘေးကရေအိုစင်တောင်ဝင်သောက်ကြတာ သူတို့အကျင့်၊ ရှူး…တိုးတိုး ကိုယ်လဲတောကပါပဲ သူများကြားသွားဦးမယ်။ ကိုယ်က ပရင်စီတာဆိုလား၊ ဒါရိုက်တာဆိုလား သူတို့အရပ်ထဲပြောနေတဲ့စကားအရပေါ့၊ အခန်းအနားမှူးလုပ်ရတာတော့သေ ချာတယ်၊တောမှာသွားပြီး  လူတွင်ကျယ်လုပ်နေတာ တစ်ချို့ကလည်း ဒီစာကအဲ့ဒီဦးဇင်းရေး တာပေါ့၊ဆောင်းပါးလား၊ ၀တ္ထုတိုလား၊ ၀တ္ထုရှည်လား သူတို့မသိ၊ရေးတဲ့သူက အခန်းအနားမှူးဆိုတာကို သိကြတယ်။ ဘာရယ်မဟုတ်ပဲ ကိုယ်ရေးတဲ့ဆောင်းပါးလေးကိုလူတိုင်းဖတ်ဖြစ်ကြတယ်။ ရွားထဲက စာဖတ်ဝါ သနာပါတဲ့ သုံးလေးဦးလောက်ကတော့ စာရေးသူနဲ့စကားလာပြောရင်း အရှင်ဘုရား အဲ့ဒီစာအုပ် ထဲက ၀တ္ထုတိုလေးတစ်ပုဒ်ရယ်၊ ဦးဇင်းရေးတဲ့ဆောင်းပါရယ် လူတော်တော်များများကြိုက်ကြတယ်ဘုရား။ အင်း..နည်းနည်းတော့လဲ ဘ၀င်မြင့်ချင်သလိုလိုဖြစ်လားတယ်၊ သူတို့က မြှောက်ပေးတာကိုး။ ထားပါတော့ စာရေးတာနဲ့ပတ်သက်ပြီး အတွေ့အကြုံနည်းပါးမှုကို စကားပလ္လင်ခံနေတာပါ။ လိုရင်းကိုပဲဝန်ခံပါရစေ စာရေးတဲ့အတွေ့အကြုံနုပါသေးတယ်၊ သူများရေးတာကိုဖတ်ပြီး အာဖြန်ရွှီးတာကတော့ မပြောပါနဲ့ န.ပ.သမှာ   ရင်နှီးတဲ့သူငယ်ချင်းများကလေတိတဲ့၊ တစ်ချို့ကလည်း ဗိုလ်တိတဲ့ခေါ်ကြတယ်။ အင်း… ကိုယ့်ရဲ့ဂုဏ်ပုဒ်တွေကတော့ ဘလော့ကာလုပ်ကာမှပဲပေါ်တော့မယ် ထင်တယ်။ စာဖတ်ပရိတ်သတ် ကတော့ ဗိုလ်တိလို့ခေါ်ရင် သိန်းငါးဆယ်ဆုပေါက်လို့ ဗိုလ်တိလဲသိန်းတစ်ထောင်ကို ဆယ်ကြိမ်ဆယ် ခါပေါက်ပါရစေ။

စာရေးသူရဲ့ခံယူချက်က စာရှည်တာတိုတာထက် လိုရင်းအဓိပ္ပါယ်ကိုထိထိမိမိရေးသား တင်ပြနိုင်ဘို့ပဲ လိုအပ်တယ်လို့ ထင်မိတယ်။ စာရေးသူတို့ နယူဒေလီတက္ကသိုလ်ရဲ့ စီမီနာတစ်ခုမှာ ပရော်ဖက်ဆာ တစ်ယောက်က အဲ့ဒီပွဲမှာစကားလုံးနည်းနည်းပဲပြောပြီး၊ သူရဲ့တင်ပြမှုကို ရပ်နားလိုက်တယ်၊ ဒါကိုအောက်က ပရော်ဖက်ဆာတစ်ယောက်က ထပြောတယ်၊ မင်းကမာစတာကြီးတစ်ယောက်လုပ်နေပြီးအောက်က လူတွေကိုပြောတဲ့ စပိ(speek)ကတိုတောင်းလှချည်လားလို့ဆိုပြီး ကွန်ပလိန်းတတ်တယ်။ ဒါကို အခုန စကားနည်းနည်းပဲပြောသွားတဲ့ ပရော်ဖက်ဆာကပြန်ပြောလိုက်တာ  “တန်ဖိုးကြီးပြီး အရသာနဲ့ပြည့် စုံတဲ့ဟင်းလျာဆိုတာ အများကြီးစားဖို့မလိုဘူး၊ နည်းနည်းစားလဲ လုံလောက်တယ်။ အဲဒီလိုပဲ ငါကမင်းတို့ကို တန်းဖို့ရှိတဲ့စကားလုံတွေပေးခဲ့တာပဲ”လို့ပြောပြီး စတိတ်စင်ပေါ်ကဆင်းသွားတယ်။ သူပြောတာမှန် ပါတယ်၊ဆေးစွမ်းတော့ တစ်စက်၊ အင်းစွမ်းတော့ တစ်ကွက်၊ ချဲသမားစကားနဲ့ပြောရမယ်ဆိုရင်လဲ ခွင်ကောင်းတော့ တစ်ပတ်တဲ့  ပရိတ်သတ်ရေ… 

စာရေးသူလဲ စပိနည်းနည်းပြောသွားတဲ့  ပရောဖက်ဆာစကားအတိုင်းပါပဲခံယူမိပါတယ်၊ ဒါပေမယ့် စာရေး သူရဲ့စာတွေက တန်းကြေးရှိတဲ့စာလို့ မခံယူပါဘူး။ စာရေးသက်တမ်း အားဖြင့်နုနယ်သေးတဲ့အတွက်ကြောင့် တိုနေတာလဲဖြစ်ပါတယ်။ ကိုယ့်ညာဏ် ကထွက်သလောက်အတွေးလေးကိုဖြစ်ညှစ်ပြီးရေးနေရတာပါ။ ဒီဘလော့ရဲ့ရည်ရွယ်ချက်ကလဲ မှတ်စုစာအုပ်အဆင့်မျှပဲရှိပါကြောင်းနှင့်ဘလော့ထဲမှာ ကိုယ်ပိုင်စာမျက်နှာ ရှိအောင် ကြိုးစားနေတဲ့အဆင့်မျှသာ ရှိပါသေးကြောင်း ၀န်ခံပါရစေ…

(ဘလော့အားဝင်ရောက်အားပေးသူများကို အမြဲလေးစားလျက်) 



….နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ
ယမုံနာလွင်ပြင်ဖန်တီးရှင်
အရှင်တိလောက(ခရမ်း)
၂၇/၁၂/၂၀၁၁( အင်္ဂါနေ့)
မြန်မာစံတော်ချိန် ည(၁၂း၁၂)နာရီ

No comments:

Post a Comment